နေပြည်တော်၊ သြဂုတ် - ၁၆
Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ထပ်မံရောက်ရှိလာကြောင်းသိရသည်။
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁၃ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁၇ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ် များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။
ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၂၉၃ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၁၉၁ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။