အင်စတာဂရမ်တွင် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းရေးတင်မိ၍ ကာဗာနီ သုံးပွဲပယ်ခံရ 

ထိုအသုံးအနှုန်းကို အရေးယူခံရနိုင်မှန်းမသိ၍သုံးခဲ့ခြင်းဖြစ်ကာ အယူခံမဝင်ရန် ဆုံးဖြတ်အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် အက်ဖ်အေသည် မန်ယူအသင်းမှ  ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို အင်စတာဂရမ်တွင်   လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်း ရေးတင်ခဲ့ခြင်းအတွက်  လွတ်လပ်သော ကြားနာစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ   စစ်ဆေးပြီးနောက် အနည်းဆုံး ပြစ်ဒဏ်အဖြစ် သုံးပွဲပယ် နှင့် ဒဏ်ငွေပေါင် တစ်သိန်းပြစ်ဒဏ်ချမှတ်ခဲ့သည်။

ကာဗာနီသည် ပြီးခဲ့သည့်နိုဝင်ဘာ ၂၉ ရက်က ဆောက်သမ်တန်ကို ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရသည့် ပွဲတွင်  နှစ်ဂိုးသွင်းပြီး ခြေစွမ်းပြ နိုင်ခဲ့ပြီးနောက်   ရင်းနှီးသော မိတ်ဆွေတစ်ဦးက ချီးကျူးဂုဏ်ပြုမှုကို တုံ့ပြန်သည့်အနေဖြင့်  ထိုမိတ်ဆွေအား ခေါ်နေကျဖြစ်သော  ချစ်စနိုးအမည် နီဂရိုးဟု ရေးသားတုံ့ပြန်မိခဲ့ခြင်းကြောင့်  ယခုကဲ့သို့ အရေးယူခံရခြင်း လည်းဖြစ်သည်။ ကာဗာနီကို ဒီဇင်ဘာ ၃၁  ရက် က    အရေးယူကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်  မန်ယူအသင်းနှင့် ကာဗာနီတို့ဘက်မှ အယူခံဝင်ခြင်း မပြုတော့ဘဲ  ပြစ်ဒဏ်ကို လက်ခံကြောင်းနှင့်  ထိုအသုံးအနှုန်းသည်  အင်္ဂလန်တွင်  ယခုကဲ့သို့ အရေးယူခံရနိုင်ပြီး   လူမျိုးရေးခွဲခြားစော်ကား မှုအဖြစ် သတ်မှတ်ကြောင်းမသိခဲ့၍သာဖြစ်သည် ဟု ဖြေရှင်းချက် ထုတ်ပြန်ခဲ့သည်။

အသက် ၃၃ နှစ်ရှိပြီ ဖြစ်သော ကာဗာနီသည်  ယခုသုံးပွဲပယ်ပြစ်ဒဏ်ကြောင့်     ဗီလာနှင့်ပရီးမီးယားလိဂ်ပွဲ၊ မန်စီးတီးနှင့် အင်္ဂလန်လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲနှင့် ဝက်ဖို့ဒ်နှင့် အက်ဖ်အေဖလား ပွဲတို့ လွဲချော်ရပြီဖြစ်သည်။ အရေးယူမှုနှင့်ပတ် သက်ပြီး အက်ဖ်အေက ကာဗာနီကို သုံးပွဲပယ်နဲ့ ဒဏ်ငွေပေါင် တစ်သိန်းပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ သူက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၉ ရက်က အင်စတာဂရမ်မှာ အက်ဖ်အေက တားမြစ် ထားတဲ့စည်းမျဉ်းကို  ချိုးဖောက်ခဲ့လို့ အရေးယူမှု နဲ့အတူ  မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပညာပေးမှု အစီအစဉ်ကိုလည်းခံယူရပါမယ် ဟု  ထုတ်ပြန် ခဲ့သည်။

ကာဗာနီသည်  ထိုပုံနှင့်စာကို  အလျင်အမြန် ပြန်ဖျက်ခဲ့ပြီး တောင်းပန်မှုလုပ်ခဲ့သေးသည်။ မိမိ အနေဖြင့် မိတ်ဆွေတစ်ဦးကို ချစ်စနိုးအမည်နှင့် ပြန်လည်တုံ့ပြန်ခြင်းသာ ဖြစ်ကာ  အင်္ဂလန်တွင် ထိုသို့သော အပြုအမူကို လူမျိုးရေး ခွဲခြားမှုအဖြစ် သတ်မှတ်ထားကြောင်း   မသိခဲ့၍ဖြစ်ကြောင်း၊ မည်သူ့ကိုမျှ   လူမျိုးရေးခွဲခြားစော်ကားလိုစိတ် မရှိကြောင်းနှင့်  အားလုံးကို တောင်းပန်ကြောင်း ရေးသားခဲ့သည်။

Ref:Dailymail