ဗီလာကိုအနိုင်ရပြီး မန်ယူဇယားထိပ်ဆုံးအသင်းအဖြစ် ပူးတွဲရပ်တည် ချန်ပီယံပြေးလမ်းထဲ ရောက်နေပြီဖြစ်ကြောင်း ဆိုးလ်ရှားပြော

 

မန်ယူအသင်းသည် ဇန်နဝါရီ ၁ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်၌ ဗီလာကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့ရာ အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် လီဗာပူး နှင့်ရမှတ်တူပြီး  ပူးတွဲ ရပ်တည်နိုင်ခဲ့သည်။  ထိုပွဲတွင်   မန်ယူအတွက် တိုက်စစ်မှူးမာရှယ်က ဦးဆောင်ဂိုးသွင်းပြီး ဗီလာဘက် မှ ဘားထရန့်ထရာအိုရေးက ချေပဂိုးသွင်းသော်လည်း ဒုတိယပိုင်းတွင် မန်ယူအသင်းအတွက်  အနိုင်ဂိုးကို  ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က  ပယ်နယ်တီမှ သွင်းယူခဲ့သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ချန်ပီယံပြေးလမ်းကိစ္စသည် ရာသီကုန်ခါနီးမှ ခန့်မှန်း  ပြောဆိုရမည့် ကိစ္စဖြစ်၍   ပြောရန်စော သေးသည်ဟုပြောသော   မန်ယူနည်းပြ ဆိုးလ်ရှားက  ဗီလာကိုနိုင်ပြီးနောက်  မိမိအသင်း  ခြေစွမ်းပိုင်းတိုးတက်လာကြောင်း နှင့်   ချန်ပီယံပြေးလမ်းပေါ်တွင် ရှေ့တစ်လှမ်း  ထပ်တိုး လိုက်နိုင်ပြီဖြစ်ကြောင်း  ကြုံးဝါးပြောဆိုခဲ့သည်။

ဆိုးလ်ရှားက “ကျွန်တော်တို့အသင်း ပုံစံကောင်းရခဲ့တဲ့အပေါ် ကျေနပ်ပျော်ရွှင်မိတယ်။ လိဂ်ပြိုင်ပွဲက အရမ်းကိုခက်ခဲပါတယ်။  ပွဲတစ်ပွဲနိုင်လိုက်တိုင်း ချန်ပီယံပြေး လမ်းဆီကို  ခြေတစ်လှမ်းတိုးနိုင်တာလို့ပဲ ပြောရမယ်။  ရာသီအစပိုင်း  ၁၀  ပွဲလောက် မှာကတည်းက ချန်ပီယံဖြစ်ဖို့ကို လက်လျှော့ လိုက်ရတာ မျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် အခုရပ်တည်ထားနိုင်တဲ့အဆင့်နဲ့ အခြေအနေက   ကောင်းတယ်လို့ပဲ ပြောရမယ်။  ပြီးခဲ့တဲ့နှစ်ကထက်စာရင်  အရမ်းကြီး ပြောင်းလဲတိုးတက်လာပါပြီ။ ဒီကောင်းမွန် မှုတွေကို အဝေးဆီယူသွားလို့မဖြစ်ဘူး။    ဖလားလုပွဲတစ်ပွဲရဲ့  ဗိုလ်လုပွဲတစ်ပွဲလိုမျိုး တော့မဟုတ်ဘူး။   ဒါပေမဲ့  ရခဲ့တဲ့အမှတ် တွေက အရေးပါပါတယ်” ဟု  ပြောသည်။

မန်ယူအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့ကာ အသင်းခြေစွမ်းပိုင်း တိုးတက်ကောင်းမွန်လာဦးမည်ဟုလည်း ဆိုးလ်ရှားက ယုံကြည်မျှော်လင့်နေသည်။ ဆိုးလ်ရှားက   “ကျွန်တော်တို့အသင်း ပိုပြီး ကောင်းသထက်ကောင်း လာဖို့လိုသေးတယ်။ ဗီလာနဲ့ပွဲမှာ ပွဲပြီးဖို့ နောက်ဆုံး ၁၀ မိနစ်အလိုအတွင်း ကစားသွားပုံကို မကြိုက်ဘူး။  ဖလားလုပွဲတစ်ပွဲရဲ့    ဗိုလ်လုပွဲလို ဒါမှမဟုတ်  ရာသီသိမ်းပွဲလို  ကစားပုံမျိုး၊ ပွဲတစ်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ အနိုင်ယူ ပြီးပွဲသိမ်းတဲ့ဟန်မျိုးပဲ လိုချင်တယ်”  ဟု ပြောသည်။

Ref:Dailymail