(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တောင်ငူမြို့အထွေထွေရောဂါကု ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

 

နေပြည်တော်၊ ဇန်နဝါရီ - ၃

(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သွေးအလှူရှင် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြ သည်။

ယင်းသို့လှူဒါန်းရာတွင် တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ သွေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် သွေးလှူဒါန်းကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၅၀ ဦးတို့အား ဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွေးအမျိုးအစား စစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။ ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးပြီး သွေးလှူဒါန်းခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဗီတာမင်အားဆေး များ၊ ကြက်ဥနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။