ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

 

နေပြည်တော်၊ ဇန်နဝါရီ - ၃

ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေး အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ် များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ မိုးမခတောင်တော်ဦး ဘုန်းတော်ကြီးကျောင်းနှင့် ကယားပြည်နယ်၊ ဘောလခဲမြို့၊ ရေနီပေါက် ဘုန်းတော်ကြီးကျောင်းတို့ရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၄ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဘောလခဲမြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။