လီဗာပူးအသင်းသည် ဇန်နဝါရီ
၄ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သော ဆောက်သမ်တန်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်း၏ အပယ်ခံ ကစားသမားဖြစ်ခဲ့သည့် တိုက်စစ်မှူးဒန်နီအင်းစ် ပွဲအစ နှစ်မိနစ်မှာပင် သွင်းယူသွားသော တစ်ဂိုး တည်းဖြင့် ဆောက်သမ်တန်ကို ရှုံးနိမ့် ကာ နောက်ဆုံး ပရီးမီးယားလိဂ်သုံးပွဲ ဆက် နိုင်ပွဲပျောက်ခဲ့သည်။ ထိုပွဲရလဒ် ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် တစ်ပွဲလျော့ကစားထားသည့် မန်ယူ အသင်းနှင့် ရမှတ်တူကာ ဇန်နဝါရီ ၁၇ ရက်တွင် မန်ယူနှင့်ကစားရမည့်ပွဲ၌ အဆင့် (၂) နေရာမှသာ ယှဉ်ပြိုင်ရမည့်အနေ အထားရောက်သွားသည်။
ထိုပွဲတွင် လီဗာပူးအသင်းကစားသွားပုံ ကို နည်းပြကလော့က ဒေါသထွက်ခဲ့ပြီး မိမိကစားသမား ဆာဒီယိုမာနေးအား ဂိုးဧရိယာအတွင်း နောက်မှဖျက်ထုတ် မှုကို ကွင်းလယ်ဒိုင် အန်ဒရေးမာရီနာ က ပယ်နယ်တီ မပေးသည့် ဖြစ်စဉ်ကိုလည်း မန်ယူအသင်း ပယ်နယ်တီများစွာ ရတတ်သည့် အစဉ်အလာနှင့် ခိုင်းနှိုင်းဝေဖန်ခဲ့သည်။
မာနေးအား ကီလီဝေါ်လ်ကာပီတာ ဖျက်ထုတ်မှုကို ကွင်းလယ်ဒိုင်က VAR စနစ်ပင်မကြည့်ဘဲ ပွဲအားဆက် ကစားခိုင်းခဲ့သည့်အတွက် ကလော့က “ဒီဖြစ်စဉ်က ကျွန်တော်ကောင်းကောင်းမြင်ခဲ့ရတဲ့ ဖြစ်စဉ်ပါ။ ပယ်နယ်တီပေးရမယ်ဆိုတာ သေချာပါတယ်။ စတုတ္ထဒိုင်ကိုမေးကြည့်တော့ သူတို့က ဖြစ်စဉ်ကို ကြည့်ပြီးသွားပြီ၊ ပယ်နယ်တီမဟုတ်ဘူးလို့ပြောတယ်။ မနှစ်က လက်စတာနဲ့ပွဲမှာလည်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ရတယ်။ ဒါကို လူတွေက မာနေးက လွယ်လွယ်နဲ့လွှဲချတယ်လို့တောင် ဝေဖန်ကြသေးတယ်။ တကယ်လို့ လွယ်လွယ်လှဲချနေတယ်ဆိုရင် ကျွန်တော်တို့ ဒီပွဲမှာ ပယ်နယ်တီရမှာ သေချာတာပေါ့။ ဒါကို ကျွန်တော်တို့က မပြောင်းလဲနိုင်ဘူး။ အခု ကျွန်တော်ကြားနေရတာက မန်ယူ အသင်း နှစ်နှစ်အတွင်း ရခဲ့တဲ့ပယ်နယ်တီ အရေအတွက်က ကျွန်တော်လီဗာပူးကို နည်းပြတဲ့ ငါးနှစ်ကျော်ကာလအတွင်း ရခဲ့ တဲ့ ပယ်နယ်တီအရေအတွက်ထက် များတယ်” ဟု ဝေဖန်ခဲ့သည်။
သို့သော် လီဗာပူးအသင်းစွမ်းဆောင် ရည်မှာ ညံ့ဖျင်းသည့်အတွက် ပယ်နယ်တီ မရခြင်းကို ရှုံးပွဲအတွက် ဆင်ခြေအဖြစ် မပေးနိုင်ဘဲ ပြိုင်ဘက်၏ အနိုင်ရလဒ်အတွက် ချီးကျူးရမည်ဟု ကလော့က ဆက်လက်ပြောသည်။
ဆောက်သမ်တန်နည်းပြ ဟက်ဆန် ဟတ်သည် လီဗာပူးကို လေးနှစ်အတွင်း ပထမဆုံးအကြိမ် ဆောက်သမ်တမ် အသင်းနှင့်အနိုင်ရခဲ့၍ ပွဲအပြီး ငိုကြွေးခဲ့ကာ “ကလော့ဆီက ပထမဆုံးအကြိမ် အမှတ်ယူနိုင်ခဲ့တာလောက် ဂုဏ်ယူစရာ မရှိဘူး” ဟုပြောသည်။
Ref:BBC