မြန်မာ့လက်ရွေးစင်အသင်းနှင့်ဂျော်ဒန်အသင်း ဇွန်လတွင် ခြေစမ်းပွဲကစားရန် သဘောတူညီမှုရရှိ

 

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် ဂျော်ဒန်အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇွန်လအတွင်း ယှဉ်ပြိုင်ကစားရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်တို့ သဘောတူညီမှုရရှိထားကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)  မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်ကပြောသည်။

MFF သည် မူလက မြန်မာ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်က ရန်ကုန်မြို့၌ ဂျော်ဒန်အသင်း နှင့်ခြေစမ်းပွဲကစားရန် စီစဉ်ခဲ့သော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရသည်။

သို့သော် ယခုနှစ်တွင် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ် ပြန်လည်ညှိနှိုင်း၍ မြန်မာအသင်း ၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုနောက်ဆုံး  ပွဲစဉ်မတိုင်မီ ဇွန် ၁ ရက်တွင် မြန်မာနိုင်ငံ၌ ခြေစမ်းပွဲကစားရန် စီစဉ်ထားကြောင်း  သိရသည်။

“ခြေစမ်းပွဲကစားဖို့ သဘောတူထားပြီး မှ ဖျက်သိမ်းလိုက်ရတဲ့ ဂျော်ဒန်အသင်းနဲ့ပွဲ ကို ပြန်ကစားဖို့ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ် က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ပြန်ညှိနှိုင်းခဲ့ပါတယ်။ ဒါကြောင့် နှစ်ဖက် ညှိနှိုင်းပြီး မြန်မာအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲမတိုင်ခင် ဇွန် ၁ ရက် မှာ ကစားဖို့ လျာထားပါတယ်” ဟု ဦးဇော် မင်းထိုက်ကပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲစဉ်များ ကို မတ်လနှင့် ဇွန်လအတွင်း ပြန်လည်ယှဉ် ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်း ခြေစစ်ပွဲ အုပ်စု(စ)တွင် ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယားအသင်း တို့နှင့်ကျရောက်နေပြီး မြန်မာအသင်းသည် ခြေစစ်ပွဲ သုံးပွဲကစားရန် ကျန်ရှိ နေသည်။

အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ရက်များအရ မြန်မာအသင်းသည် ဂျပန်အသင်းနှင့် အဝေးကွင်း ပွဲစဉ်ကို မတ် ၂၅ ရက်၊ ကာဂျစ္စတန်နှင့် အိမ်ကွင်းပွဲစဉ်ကို  မတ် ၃၀ ရက်၊ တာဂျစ်ကစ္စတန်နှင့် အဝေး ကွင်းပွဲစဉ်ကို ဇွန် ၁၅ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုငါးပွဲကစား ပြီးချိန်တွင် နှစ်ပွဲနိုင်၊ သုံးပွဲရှုံး၊ ရမှတ်ခြောက် မှတ်ဖြင့် အုပ်စုတွင်း စတုတ္ထနေရာ၌ ရပ်တည်နေသည်။

ကိုရဲ