ညောင်ရွှေ သြဂုတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ဟူးကျေးရွာရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် ယခုနှစ်(၁၃၈၂ ခုနှစ်)တွင် အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီကြွချီ ပူဇော်ခံခြင်း မပြုကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီပူဇော်ခံရေးနှင့် ပတ်သက်၍ ယနေ့နံနက် ၉ နာရီတွင် အင်းလေးဖောင်တော်ဦးဘုရား ထိန်ထိန်လင်းကျောင်း၌ ကျင်းပသည့် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များက ယခုနှစ်တွင် ဒေသစာရီကြွချီပူဇော်ခံခြင်း မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် နှစ်စဉ်သီတင်းကျွတ် လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်ထိ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီကြွချီ ပူဇော်ခံခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နေသည့် ကာလဖြစ်ခြင်း၊လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ရှောင်ကြဉ်ခြင်းစသည်တို့ကြောင့် ဒေသစာရီ ကြွချီပူဇော်ခံခြင်း မပြုကြောင်း သိရသည်။