ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အဆင့်မြှင့်တင် တည်ဆောက်ခဲ့သော ဝါးခယ်မတံတားကို သြဂုတ် ၁၅ ရက်မှစ၍ ဖြတ်သန်း သွားလာခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်း အဆင့်မြှင့်တင် တည်ဆောက်လျက် ရှိသော ဝါးခယ်မတံတားကို သြဂုတ် ၁၅ ရက်မှစ၍ ဖြတ်သန်း သွားလာခွင့်ပြုခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင်  ဝါးခယ်မတံတားနှင့်  ရွှေလောင်းတံတားကို ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်နေခြင်းဖြစ်ပြီး အဆိုပါတံတား နှစ်စင်းအနက် ဝါးခယ်မတံတားကို ကနဦးဖြတ်သန်း သွားလာခွင့်ပြုခြင်းဖြစ်သည်။ ဝါးခယ်မတံတားကို ပြည်ထောင်စု ဘတ်ဂျက် ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၆၄၅ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆင့်မြှင့်တင် တည်ဆောက်ခဲ့သည့်  တံတားအမျိုးအစားမှာ  သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ပြီး တံတားအရှည် ပေ ၃ဝ၂ဝ၊ အကျယ် ၃ဝ ဒသမ ၅ ပေ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေစီ၊ ရေလမ်းကင်းလွတ် အမြင့် ၃၆ ပေရှိသည်။ လက်ရှိတွင် ရာနှုန်းပြည့် နီးပါးပြီးစီးနေပြီ ဖြစ်သည့်အတွက် ဖြတ်သန်း သွားလာခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း    သိရ သည်။

''တံတားနှစ်စင်း  အဆင့်မြှင့်တင် တည်ဆောက်ရာမှာ ဝါးခယ်မ တံတားကတော့ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပါပြီ။ ပြင်ဆင်မှုအပိုင်း အနည်းငယ်ပဲ ကျန်တော့တယ်။ ရွှေ လောင်းတံတားကတော့   တည်ဆောက်မှု ၈၆   ရာခိုင်နှုန်းလောက်  ပြီးစီးနေပါပြီ။ တံတားတွေကို     ကြံ့ခိုင်မှုကောင်းအောင် အကောင်းဆုံး တည်ဆောက်ထားပါတယ်။ ဝါးခယ်မတံတားကို  အရင်ဆုံးဖွင့်လှစ်တာပါ။ ဖြတ်သန်းသွားလာခွင့်ကိုတော့ သြဂုတ် ၁၅ ရက်ကစပြီး  ခွင့်ပြုထားပါတယ်''  ဟု ၎င်းကပြောသည်။

ထို့ပြင် ဝါးခယ်မမြို့နယ်အတွင်း သံကူကွန်ကရစ် တံတားအဖြစ် ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်နေသော ရွှေလောင်းတံတားကိုလည်း ပြည်ထောင်စု ဘတ်ဂျက် ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄၃၅ ဒသမ ၇ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

ယင်းတံတားမှာ  အရှည်  ပေ   ၁၉ဝဝ၊ အကျယ် ၃ဝ ဒသမ ၅ ပေ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေစီ၊ ရေလမ်းကင်းလွတ် အမြင့်၂၉ ဒသမ ၅၂ ပေရှိသည်။

လက်ရှိတွင်   ရွှေလောင်းတံတား တည် ဆောက်မှုအပိုင်းမှာ ၈၆ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ရာ  စက်တင်ဘာ  ၁၅  ရက်တွင်   စတင်ဖြတ်သန်း သွားလာခွင့်ပြုနိုင်ရန်    စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။