ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၁၀
     
ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စုစုပေါင်း ၃ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းနှင့် သာသနာ့နွယ်ဝင်သီလရှင် စာသင်တိုက် စုစုပေါင်း ၃ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊  မြို့နယ်စုစုပေါင်း ၇ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်စုစုပေါင်း ၈ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၆ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်၊ စလုံကျွန်းဘုန်းတော်ကြီးကျောင်းတို့၌ တပ်မတော်မှဆေးအဖွဲ့များက ဆရာတော် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
    
၎င်းအပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မဟာမြတ်မုနိဘုန်းတော်ကြီး ကျောင်း၌ ဆွမ်းစားကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းဆတ်တပ်နယ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက ဘိလပ်မြေအိတ် ၅၀ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။