Pressing Game ပုံစံမျိုးဖြင့် ကစားသမားရော အသင်းအတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးပြုသည့် ကစားဟန်ကို တည်ဆောက်မည်

 

မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ   ရှမ်းယူနိုက်တက်အသင်းရဲ့ နည်းပြချုပ်ဖြစ်လာတဲ့ AFC(A) လိုင်စင်ရ နည်းပြ၊  လက်ရွေးစင်ကစားသမားဟောင်း ဦးဟန်ဝင်းအောင်နဲ့ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ နည်းပြချုပ်ဖြစ်လာ တဲ့အပေါ် ခံစားချက်လေးပြောပြပါဦး။

တစ်ခါမှတော့ အသင်းကြီးနည်းပြချုပ် တာဝန်မယူဖူးသေးဘူး။ ဒါပေမဲ့  အသင်းအတွက် အများကြီး ပေးဆပ်ကစားခဲ့ဖူးတော့ ဒီအသင်းအကြောင်း အားလုံးသိထားပါတယ်။ လက်ထောက်နည်းပြ တစ်ယောက် အနေနဲ့ လက်တွဲအလုပ်လုပ်ဖူးတယ်။ ချန်ပီယံဆုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ နည်းပြချုပ်တာဝန်ယူဖို့  ကမ်းလှမ်းလာတဲ့အတွက် အသင်းက တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

အသင်းကို ဘယ်နေရာ၊ ဘယ်အပိုင်းတွေမှာ အဓိကထားပြင်ဆင်သွားဖို့ရှိလဲ။

ကျွန်တော်တို့အသင်းက လက်ရှိချန်ပီယံလည်းဖြစ်တယ်။ ပထမရခဲ့တဲ့အသင်းဆိုတော့   ကစားသမား ဟောင်းတွေလည်းရှိတယ်။ ကစားသမားသစ် ငါးယောက် လောက်လည်း ခေါ်ထားပါတယ်။  ခြေစွမ်း ထက်တဲ့  လူငယ်ကစားသမားတွေလည်း  ပိုင်ဆိုင်ထားတယ်ဆိုတော့  အသင်းက  အရင်အတိုင်းပဲ တောင့်တင်းနေဦးမှာပါ။

ထပ်ခေါ်ထားတဲ့   ကစားသမားသစ် တွေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဒါကိုတော့ ကျွန်တော် လောလောဆယ် ကြိုမပြောချင်သေးဘူး။ စိတ်ကြိုက်ခေါ်ယူချင်တဲ့ ကစားသမား တွေကို   အားဖြည့်ခေါ်ယူထားတာရှိပါတယ်။ အသင်းဘက်က တရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်။

သီဟဇော်၊ ကျော်ဇင်လွင်(ဧရာဝတီ)နဲ့ စိုးလွင်လွင်(မကွေး)တို့အပြင် လွင်မိုးအောင်ကိုလည်းခေါ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ကျွန်တော်တို့ခေါ်ချင်တဲ့ ကစားသမားတွေကို လောလောဆယ်  ခေါ်ယူပြီးသွားပါပြီ။ အသင်းဘက်က  သတင်းထုတ်ပြန်ပေးဖို့ပဲ ကျန်တော့တာပါ။ လွင်မိုးအောင်ကတော့ ကမ်းလှမ်းထားပေမယ့် တရားဝင် အကြောင်းမပြန်သေးဘူး။

အသင်းရဲ့ ကစားပုံကိုရော ဘယ်လိုပုံစံမျိုးနဲ့ တည်ဆောက်သွားဖို့ရှိလဲ။

ကျွန်တော်တို့အသင်းက လက်ရှိချန်ပီယံဘွဲ့ကို ပိုင်ဆိုင်ထားတဲ့အသင်းပါ။ ချန်ပီယံအသင်းဖြစ်နေလို့ ချန်ပီယံလိုပဲ ကစားသွားမှာပါ။ အတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့ လူငယ်တွေကို  အချိုးညီညီ ပေါင်းစပ်ပြီး ပြိုင်ပွဲတွေယှဉ်ပြိုင်သွားမယ်။ အားလုံးက  Talent ရှိတဲ့ ကစားသမားတွေချည်း ပါပဲ။  သူတို့တွေကို  ပိုကောင်းလာအောင် လေ့ကျင့်ပေးသွားမယ်။ ဒီကနေတစ်ဆင့်  အသင်းလိုက်ရလဒ် ကောင်းဖို့ ပုံဖော်သွားချင်ပါတယ်။ Pressing Game ပုံစံမျိုးနဲ့  ကစားသမားရော   အသင်းအတွက်ပါ   နှစ်ဦးနှစ်ဖက် အကျိုးပြုတဲ့ကစားဟန်ကို တည်ဆောက်သွားမှာပါ။

ချန်ပီယံဖြစ်ဖို့ ကြိုးစားရတာထက် ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းဖို့က ပိုပြီးခက်ခဲတယ်လို့   ပြောကြတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

မှန်ပါတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ဆိုတာက တကယ့်ကို  ခက်ခဲတဲ့အလုပ်တစ်ခုပါ။ ဒီအသင်းက ရည်မှန်းချက်လည်း ကြီးမားတဲ့အသင်းဖြစ်လို့  စိန်ခေါ်မှုတွေရှိနေမယ်ဆိုတာ   ကြိုတင်တွက်ဆထားပြီး သားပါ။  ဒါပေမဲ့  စိန်ခေါ်မှုက  အလုပ်တိုင်း၊   နေရာတိုင်းမှာရှိနေတာဖြစ်လို့ အကောင်းဆုံးရင်ဆိုင်ဖို့ပဲ  ပြင်ဆင်ထား ပါတယ်။

အသင်းရဲ့မန်နေဂျာက ကိုသီဟစည်သူ ဖြစ်သွားတာဆိုတော့ ဂိုးသမားဘက်အပိုင်းမှာရော အားနည်းမှု ရှိနိုင်မလား။

ဂိုးသမားက   မျိုးမင်းလတ်ရှိတယ်။ သစ္စာ (ဘုန်းသစ္စာမင်း)ရှိတယ်။ ပြီးတော့ အောင်မြင့်မြတ်လည်း   ရှိပါသေးတယ်။ အားလုံးက  လက်ရွေးစင်အဆင့်  ကစားသမားတွေချည်းပါ။ ဒါပေမဲ့ အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲလုပ်ဖို့လည်း ရှိပါတယ်။

အေအက်ဖ်စီချန်ပီယံလိဂ်မှာရော ဘယ်လောက်အထိ မျှော်မှန်းထားလဲ။

အကောင်းဆုံးဖြစ်ဖို့အတွက်  ကြိုးစားသွားရမှာပါပဲ။   ဒါပေမဲ့   အခုချိန်မှာ COVID-19 ရောဂါဖြစ်နေတော့ အားလုံးက စီးပွားရေးတွေလည်း ထိခိုက်နေတယ်။ ဒါပေမဲ့ ကလပ်အသင်းရဲ့နောက်မှာ နိုင်ငံရဲ့ပုံရိပ် ကလည်း တွဲပြီးပါလာတာဆိုတော့  လုပ်ခွင့်ရတဲ့အနေအထားတစ်ခုအောက်မှာ    အကောင်းဆုံး ဖြစ်အောင်တော့ ပြင်ဆင်သွားမှာပါ။

လူငယ်နည်းပြတွေရဲ့ ပြိုင်ဆိုင်မှုက လိဂ်မှာ ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ ဖြစ်လာမလား။ 

အားလုံးကတော့ လက်ရွေးစင်အသင်းမှာ အတူတွဲကစားဖူးတဲ့ သူငယ်ချင်းတွေပါ။ ဇော်လင်းထွန်း၊   မျိုးမင်းထွန်းတို့ရှိမယ်။ ပြီးတော့ ကိုအောင်ကျော်ထွန်းတို့ရှိတယ်။ အချိန်တစ်ခုရောက်လာတဲ့အခါမှာ နေရာကိုယ်စီရလာကြတယ်။ အားလုံးကလည်း အားသာချက်တွေနဲ့အရည်အချင်းတွေ ကိုယ်စီရှိကြတယ်။ ပြိုင်ဘက်ရယ်လို့တော့မဟုတ်ပါဘူး။ အားလုံး ဘောလုံးလောကတိုးတက်ဖို့အတွက် အတူတကွ ကြိုးစားပေးနေသူ တွေပါ။ ကျွန်တော်တို့လည်း သင်ယူနေရတာပါပဲ။

နောက်ဆုံးအနေနဲ့ ရှမ်းယူနိုက်တက်အသင်း   ပရိသတ်တွေကို  ဘာများ ပြောချင်သေးလဲ။

ရှမ်းယူနိုက်တက်အသင်းမှာ ကျွန်တော်တောက်လျှောက်ကစားခဲ့တော့ အားလုံးကလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ ပရိသတ် ကြိုက်တဲ့ကစားဟန်နဲ့ သူတို့ပျော်ရွှင်အောင်လုပ်ပြီး ကျေးဇူးဆပ်သွားမှာပါ။ အားပေးဖို့လည်း ပြောချင်ပါတယ်။           

ကိုရဲ