နေပြည်တော် သြဂုတ် ၁၇
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည်သစ်ပါတီ(NMSP)ဗဟိုကော်မတီဝင် နိုင်အောင်မငေးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(SNLD)မှ တွဲဖက် အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့် တို့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ (၁၉)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ( UPDJC) အစည်းအဝေး ကျင်းပပြီးစီးမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့(၁၉)ကြိမ်မြောက်UPDJC အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ချက် ကိုး ချက်နှင့် မှတ်တမ်းတစ်ချက် ရရှိပါကြောင်း၊ အထူးသဖြင့် ညီလာခံကျင်းပမည့်ရက်များ၊ ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များ၊UPDJC၏ လုပ်ထုံးလုပ်နည်းများအရ အဖွဲ့ဝင်များအား အစအဆုံး တာဝန်ပေးမှုအပြင် (၉)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်များကို့UPDJC တွင် မှတ်တမ်းတင်ခဲ့ပါကြောင်း၊ ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၏ အပိုင်း(၁)၊အပိုင်း(၂)၊ အပိုင်း(၃)တို့ကိုလည်း ညီလာခံသို့ တင်သွင်းရေး ကိစ္စများကို ဆွေးနွေးခဲ့ပါကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ်၏ အပိုင်း(၃) အပိုင်း(၁)တွင် ပါဝင်သည့် UPDJC နှင့် သက်ဆိုင်သည့်အပိုင်းတွင် နိုင်ငံရေးပါတီများက ဆောင်ရွက်မည့် အခန်းကဏ္ဍနှင့် ပတ်သက်၍လည်း သဘောတူညီချက်ရခဲ့ပါကြောင်း၊ ညီလာခံတွင်UPDJC နှင့် JMC အစီရင်ခံစာတင်သွင်းမည့် ကိစ္စများကိုလည်း သဘောတူဆုံးဖြတ်ခဲ့ပါကြောင်း၊ ထို့ပြင် ညီလာခံတွင် တာဝန်ယူမည့် သဘာပတိအဖွဲ့ဝင်များကိုလည်း အတည်ပြုနိုင်ပါကြောင်း၊ ညီလာခံနှင့် ပတ်သက်၍ လုပ်ငန်းတာဝန်ခွဲဝေမှုများအပြင် ညီလာခံတွင် ညီလာခံကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်းUPDJC အတည်ပြုပေးခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ယနေ့ကျင်းပသည့့် UPDJC အစည်းအဝေးတွင် လာမည့်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၌ မည်သည့် အစီအစဉ်များ ချမှတ်မည်၊ ပြည်ထောင်စု သဘောတူစာချုပ်တွင် မည်သည့်အချက် များကို ထည့်သွင်းချုပ်ဆို သွားမည်ဆိုသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါကြောင်း၊ ထို့ပြင် UPDJC တွင် EAO အစု အဖွဲ့ကိုယ်စားလှယ်များ အစားထိုးပြောင်းလဲ တာဝန်ပေးမှု၊ ညီလာခံတွင် မည်သည့်အစီအစဉ်များ လုပ်ဆောင်မည်၊ မည်သည့်ပုံစံ များဖြင့်လုပ်ဆောင်မည် ဆိုသည်ကို လုပ်ငန်း တာဝန်များ ခွဲဝေခဲ့ကြပါကြောင်း၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်ချက် ကိုးချက်နှင့် မှတ်တမ်းတစ်ချက် ရရှိခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ SNLD တွဲဖက်အထွေထွေ အတွင်းရေးမှူး စိုင်းကျော်ညွန့်က ယနေ့ အစည်းအဝေးတွင် နိုင်ငံရေးပါတီ အစုအဖွဲ့အနေဖြင့် ထူးထူးခြားခြား လုပ်ဆောင်ချက်တစ်ချက်ရှိပါကြောင်း၊ ယခုညီလာခံတွင် တင်သွင်းမည့် ပြည်ထောင်စုသဘောတူစာချုပ်တွင် ပါဝင်မည့် သဘောတူညီချက်ကို NCA ရေးထုံးအရ နှစ်ဖက်ရေးသားရာတွင် နိုင်ငံရေး ပါတီအစုအဖွဲ့ မပါသကဲ့သို့ဖြစ်နေပါကြောင်း၊ ယင်းကိစ္စများအတွက် JICM ပြန်လည် ခေါ်ဆိုမည်ဆိုပါကလည်း အချိန်ကာလအရ အဆင်မပြေပါကြောင်း၊ ပြည်ထောင်စု သဘောတူစာချုပ်တွင် ပါမည့် နှစ်ဖက်စကားရပ်များသည် နောက်ပိုင်းတွင် ပုံစံတစ်မျိုး ဖြစ်လာနိုင်ပါကြောင်း၊ လောလောဆယ် သဘောတူချက်များ အကောင်အထည်ဖော်ရာတွင် UPDJCနှင့် သက်ဆိုင်သည့် ကိစ္စရပ်ဆိုလျှင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့များ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဆိုသည့်ပုံစံကို ယခု UPDJC အစည်းအဝေးတွင် ချမှတ်ခဲ့ပါကြောင်း၊ ကျန်ရှိသည့် အကြောင်းအရာများမှာ ညီလာခံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ မွန်ပြည်သစ်ပါတီ (NMSP)ဗဟို ကော်မတီဝင် နိုင်အောင်မငေးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD)မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး စိုင်းကျော်ညွန့်တို့သည် သတင်း မီဒီယာများ မေးမြန်းသည့် မေးခွန်းများ အပေါ် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်အစုအဖွဲ့မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ညီလာခံ ကိုယ်စားလှယ်များကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာအမှတ် (၂) စားရိပ်သာဆောင်၌ နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စတုတ္ထအကြိမ်ညီလာခံတွင် ကျင်းပမည့် ညီလာခံ အစီအစဉ်များ၊ ညီလာခံ ကိုယ်စားလှယ်များ လိုက်နာဆောင်ရွက်ရ မည့်အချက်များနှင့် ပြည်ထောင်စုသဘော တူညီချက် အစိတ်အပိုင်း ဖြစ်ပေါ်လာပုံတို့ကို လည်းကောင်း၊ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေး ရက်အလိုက် ကျင်းပမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။