ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၁ဝ ကျောင်းအတွက် စက်ဘီးများ ပေးအပ်လှူဒါန်း

ရွှေဘို   သြဂုတ်  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုမြို့နယ် အတွင်းရှိ     အခြေခံပညာ အထက်တန်းကျောင်း ၁ဝ ကျောင်းအတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့နှင့်  Less  Walk Organization တို့မှ ကျောင်းသုံးဗလာစာအုပ်များနှင့် စက်ဘီးအစီး ၃ဝဝ ထောက်ပံ့ လှူဒါန်းပေးအပ် ပွဲကို သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ     စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကျောင်းသွားရန် သွားလာရေးခက်ခဲသော ကျောင်းသား၊ ကျောင်းသူများကို အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရန် လှူဒါန်းရခြင်းဖြစ်ကြောင်းနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထား ဆောင်ရွက်နေကြောင်း ပြောကြားပြီး  Less Walk Organization ၏နာယက ထာဝရမန္တလေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်ကိုက စက်ဘီးအစီး ၃ဝဝ လှူဒါန်းရခြင်း အပေါ် ဝမ်းသာစကား ပြောကြားသည်။

ထို့နောက် Less Walk Organization တည်ထောင်သူ ကိုမိုက်သန်းထွန်းဝင်းက စက်ဘီးအစီး ၃ဝဝ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်များနှင့် စက်ဘီးများကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်လှူဒါန်းသည်။

ရွှေဘိုမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း ၁ဝ ကျောင်းရှိပြီး ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်တွင် သင်ရိုးသစ် နဝမတန်းကျောင်းသား၊ ကျောင်းသူဦးရေ ၂၃၅၂ ဦးနှင့် သင်ရိုးဟောင်း ဒသမတန်း ကျောင်းသား၊ ကျောင်းသူဦးရေ ၂၂၁၆ ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူဦးရေ ၄၅၆၈ ဦးရှိကြောင်း ရွှေဘိုမြို့နယ် ပညာရေးမှူး ဒေါ်ဝင်းဝင်းမြင့် ထံမှသိရသည်။