တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Mr. Wang Yi အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ - ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Mr. Wang Yi အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  H.E. Mr. Qian Keming၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wu Jianghao နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

 ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဆွေကောင်း၊ အိမ်နီးချင်း ကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ကာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi  Jinping ၏ ခရီးစဉ်တွင် နှစ်ဖက်သဘော တူညီချက်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရာတွင် လိုအပ်သည်များကို အပြန်အလှန် ထောက်ပံ့ကူညီခြင်းသည် အရေးကြီးသည့်အခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ပတ်သက်သည့်ကဏ္ဍများ၌လည်း အဓိကပူးပေါင်း၍ စွမ်းရည်မြှင့်တင်ပေးမည့်ကိစ္စရပ်များ၊ တရုတ်နိုင်ငံတွင် COVID-19  ရောဂါစတင် ဖြစ်ပွားသည့် ကာလအတွင်း မြန်မာ့တပ်မတော်မှ တရုတ်နိုင်ငံသို့ ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လျင်မြန်စွာ ပေးပို့လှူဒါန်းခဲ့သည့် အခြေအနေများနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များစေလွှတ်၍ ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းကာ အပြန်အလှန် ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်တိုက်ဖျက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ဆက်လက်ကူညီပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် COVID-19 ရောဂါ ကာကွယ်ဆေး အလုံး ၃ သိန်းကူညီပေးသွား မည့်အခြေအနေများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံးဖြိုးတိုးတက်ရေးတို့ လိုအပ်မှုနှင့် မြန်မာ့တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကတာဝန်ယူဆောင်ရွက် နေသည့်အခြေအနေနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်မှအကြမ်းဖက် ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နေရာများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ရပ်ဆိုင်းပေးခဲ့သည့် အခြေအနေများနှင့် ဆက်လက်၍လည်း ထာ၀ရငြိမ်းချမ်းရေးရရှိရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်ရောက်ရှိနေသည့် နေရပ်စွန့်ခွာနေသူများနှင့် ပတ်သက်၍ မြန်မာ-တရုတ်-ဘင်္ဂလားဒေရှ့် သုံးနိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်မည့်အခြေအနေများ။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့်အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်းနှင့် ပြုလုပ်ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ မဲစာရင်းများနှင့် ပတ်သက်၍ အမှားအယွင်း များရှိခဲ့ပြီး မဲမသမာမှုများရှိနိုင်သဖြင့် မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ တပ်မတော်မှ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စည်းကမ်း၊ ဥပဒေများ အတိုင်း ဒီမိုကရေစီမယိမ်းယိုင်အောင် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ပေါင်းစုံမှ စီမံကိန်းများသည် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်မှုများအောင်မြင်စေရေး တပ်မတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြပြီး ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။