ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများဖမ်းဆီးရမိ
နေပြည်တော် ဇန်နဝါရီ ၁၂
တာချီလိတ်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများဖမ်းဆီးရမိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ် ဝမ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၆ နာရီ ၄၅ မိနစ်က တာချီလိတ်မြို့နယ် ဟိုနား(အာခါ) ကျေးရွာအနီး တာချီလိတ်-ဝမ်ပုံသွားကားလမ်းတွင် တာချီလိတ်ဘက်မှမောင်းနှင်လာသည့် OUTLANDER အမျိုးအစားမော်တော်ယာဉ်ကိုစစ်ဆေးရန်တားဆီးစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ နံနက် ၇ နာရီတွင် ဝမ်ပုံနယ်မြေရဲစခန်းရှေ့၌ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါမော်တော်ယာဉ်ကို စစ်ဆေး ရှာဖွေရာ ယာဉ်မောင်း ဂျူလိုင်နှင့်အတူယာဉ်ပေါ်တွင်ပါရှိသည့် ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ၇၀ ကီလိုကို ဖမ်းဆီးရမိခဲ့သည်။ယာဉ်ပေါ်တွင်ပါရှိသည့် ဂျူလိုင်ကို စစ်ဆေးမေးမြန်းချက်အရ နံနက် ၇ နာရီခွဲတွင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံ(ရှမ်းရွာဟောင်း)နေ အိုက်ရီ(ခ)ခမ်းကျောက်၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ တူမီးသေနတ်တစ်လက်နှင့် ကျည် ၁၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဂျူလိုင်၊ အိုက်ရီ(ခ) ခမ်းကျောက်(ဖမ်းမမိ)တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း နှင့် ကွင်းဆက်တရားခံများဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရဲပြန်ကြား