ဗုဒ္ဓဂယာမှ မဟာဗောဓိစေတီတော် ပုံစံတူ တည်ဆောက်ရေး ၇ဝ ရာခိုင်နှုန်းကျော် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် မှန်ချိုစံပြကျေးရွာ ရှစ်မျက်နှာဘုရားဝင်းအတွင်း တည်ဆောက်လျက်ရှိသော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှ   မဟာဗောဓိစေတီနှင့် ပုံစံတူ စေတီတော်တည်ဆောက်ရေး လုပ်ငန်းများ ၇ဝ  ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း စေတီတော် တည်ဆောက်ရေး တာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

''ဗုဒ္ဓဂယာကို သွားရောက် ဖူးမြော်နိုင်ခြင်း မရှိတဲ့ ဒေသခံပြည်သူတွေ  ကိုယ့်ရွာမှာ ဖူးမြော်နိုင်ဖို့ ရည်ရွယ်ပြီး မှန်ချိုမိသားစုက တည်ထားပေးတာဖြစ်တယ်။ ကုန်ကျမှုအနေနဲ့က သိန်း ၄ဝဝဝလောက် ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်။ စေတီတော်ရဲ့ဘေးမှာ မဟာတံတိုင်း တည်ဆောက်မယ်၊ စေတီတော်ဝင်း အတွင်းမှာ အလှဆင်ကျောက်ပြားတွေ ခင်းမယ်'' ဟု စေတီတော် တည်ဆောက်ရေး တာဝန်ခံ ဦးအောင်ဇော်လွင် ကပြောသည်။

၂ဝ၁၉ ခုနှစ် မေ ၁၁ ရက်တွင် ပန္နက်တင် မင်္ဂလာကို လည်းကောင်း၊  မေ ၁၈ ရက်တွင် အုတ်ရိုးစီမင်္ဂလာ   အခမ်းအနားတို့ကိုလည်းကောင်း ကျင်းပကာ တည်ဆောက်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

'' ပန်းတော့လုပ်ငန်းတွေပြီးစီးပြီ။ ပန်းတမော့ ပညာရပ်တွေနဲ့ လုပ်တဲ့လုပ်ငန်းတွေက ၈ဝ ရာခိုင်နှုန်း ပြီးစီးပြီ။ ပန်းရန်လုပ်ငန်းတွေကတော့ လိုသေးတယ်။ တည်ဆောက်ရေး လုပ်ငန်းအားလုံးကတော့ ၇ဝ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ''ဟု အင်ဂျင်နီယာ ကိုကျော်နိုင်ထွေး ကပြောသည်။

ဗုဒ္ဓဂယာမှ   မဟာဗောဓိစေတီနှင့် ပုံစံတူ စေတီတော်ကြီးကို မြန်မာ့လက်မှုပညာရပ်များဖြစ်သော ပန်းရန်၊ ပန်းတမော့နှင့် ပန်းတော့ပညာရပ်များဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး အလျား ၃၉ ပေ၊ အနံ ၂၉ ပေ၊ ဉာဏ်တော်  ၅၄ ပေ ရှိကြောင်း သိရသည်။