(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာနိုင်ငံက အားကစားနည်း ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားပြီး ခွင့်ပြုချက်ရရှိပါက စခန်းသွင်းလေ့ကျင့်နိုင်ရန် စီစဉ်ထားကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လာမည့်ဆီးဂိမ်းကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး အားကစားနည်းပေါင်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးမှ ထုတ်ပြန်ထားသည်။
အဆိုပါအားကစားနည်း ၄၀ အနက်မြန်မာနိုင်ငံက ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားပြီး လျာထားသည့်အားကစားနည်းများမှာ ဘောလုံး၊ ဘိလိယက်နှင့် စနူကာ၊ မြားပစ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ကာယဗလ၊ ဂျူဒို၊ လှေလှော်၊ဗိုဗီနမ်၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ သေနတ်ပစ်၊ ပီတန်း၊ ကရာတေး၊ လက်ဝှေ့၊ စစ်တုရင်နှင့် ဘော်လီဘောတို့ဖြစ်သည်။
“ လာမယ့်ဆီးဂိမ်းဝင်ပြိုင်ဖို့ အားကစားနည်း ၁၈ မျိုးလျာထားပါတယ်။ ဆုတံဆိပ်ရနိုင်မယ့် အားကစား နည်းတွေကို သေချာစိစစ်ရွေးချယ်ပြီး ဝင်ပြိုင်ဖို့လျာထားခဲ့တာပါ။ ဒါက လျာထားတဲ့ အားကစား နည်းသာဖြစ်ပြီး အတည်ပြုတာမဟုတ်သေးပါဘူး။ ဒီအားကစားနည်း ၁၈ မျိုးထဲကနေ လျော့သွားတာ၊ ထပ်တိုးလာတာမျိုးလည်းဖြစ်နိုင်ပါတယ်”ဟု ၎င်းင်းကပြောသည်။
ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်မည့် အစီအစဉ်များ၊ စခန်းသွင်းလေ့ကျင့်မည့်အခြေအနေများ၊ နိုင်ငံခြားသားနည်းပြငှားရမ်းမှုများနှင့် ပြည်ပလေ့ကျင့်ရေးခရီးစဉ်တို့ကိုစီစဉ်ထားကြောင်း သိရသည်။
လက်ရှိတွင် COVID-19 ရောဂါအခြေအနေကြောင့် စည်းကမ်းချက်များနှင့်အညီ စခန်းသွင်းလေ့ကျင့် နိုင်ရေး သက်ဆိုင်ရာသို့တင်ပြထားပြီးဖြစ်ရာ ခွင့်ပြုချက်ရရှိပါက စခန်းသွင်းလေ့ကျင့်မည် ဖြစ်သည်။ ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းတွင် မြန်မာနိုင်ငံက အားကစားနည်း ၃၁ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအားကစားအဖွဲ့သည် ၂၀၁၉ ဆီးဂိမ်းတွင် ရွှေတံဆိပ်ဆု လေးခု၊ ငွေတံဆိပ်ဆု ၁၈ ခု၊ ကြေး တံဆိပ်ဆု ၅၁ ခု စုစုပေါင်း ၇၃ ခုရရှိခဲ့ကာ နိုင်ငံအလိုက် အဆင့်(၇)နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရ သည်။