မဏိပူရ်မြစ်ကူး(ဗားရ်) တံတားအမှတ်(၂)ကို ယခုလကုန်အပြီး တည်ဆောက်မည်

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ နှစ်ပေါင်း သက်တမ်းကြာမြင့်နေပြီး ခိုင်ခံ့မှုအားနည်းလာသည့် မဏိပူရ်မြစ်ကူး(ဗားရ်)တံတား  အစားထိုး တည်ဆောက်မှု ဗားရ်တံတားအမှတ်(၂)ကို    သြဂုတ်လကုန် အပြီး    ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးထံမှ သိရသည်။

အဆိုပါ မဏိပူရ်မြစ်ကူး(ဗားရ်)တံတားအမှတ်(၂) သည် ကလေး-ဖလမ်း-ဟားခါးကားလမ်း မိုင်တိုင်အမှတ်(၆၈/၅) တွင်တည်ရှိပြီး ပြည်နယ်ရန်ပုံငွေနှင့် ပြည်ထောင်စု ရန်ပုံငွေကျပ်သန်း ၄ဝ၅ဝ ဖြင့် ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းက စတင်အကောင်အထည်ဖော် တည်ဆောက်ခြင်း ဖြစ်ရာ တံတားအရှည် ၅၅၈ ပေ၊ အကျယ်ပေ ၃ဝ၊ တံတားခံနိုင် ဝန် ၂၅ တန် (AASHTO HS-25)၊ တံတားအမျိုးအစားမှာ သံကူကွန်ကရစ် ဖြစ်ကာ   တံတားစီမံကိန်းအဖွဲ့(၁)က တည်ဆောက်နေခြင်းဖြစ်သည်။

''အခုလက်ရှိ ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပါပြီ။ ဒီတံတားကို သြဂုတ်လကုန် ရာနှုန်းပြည့်အပြီး တည်ဆောက်ပြီး စက်တင်ဘာ လဆန်းပိုင်းလောက်မှာ ဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်နေပါတယ်။ ဒီဗားရ်တံတားဟာ ကလေး-ဖလမ်း-ဟားခါးလမ်းမပေါ်မှာ တည်ရှိတဲ့အတွက် ပြည်မဘက်ကလာတဲ့ ကုန်စည်တွေ၊ ချင်းတောင်ဘက်က ထွက်ကုန်တွေ တင်ပို့ရာမှာ  အရေးပါတဲ့အပြင် ဒေသခံတွေအနေနဲ့လည်း ဒီတံတားကြီးပေါ်ပေါက်လာတဲ့အတွက် သွားလာရေး အဆင်ပြေပါတယ်'' ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုးက ပြောသည်။

အဆိုပါ မဏိပူရ်မြစ်ကူး(ဗားရ်)တံတားသည် ချင်းပြည်နယ် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး ရိဒ်နယ်စပ်စခန်းနှင့် သွားလာရေးတွင် လည်းကောင်း၊ ဟားခါး-ဖလမ်း- တီးတိန် - တွန်းဇံ -  ကျီခါး ဆက်သွယ်သွားလာရေးတွင် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့နှင့်ဖလမ်း-ဟားခါး ဆက်သွယ်သွားလာရေးတွင် လည်းကောင်း အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။