ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးဝင်းအတွင်း ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် သိန်းနီမြို့ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ဖမ်းဆီးရမိသော မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)ထောက်ခံချက်မပါရှိသော စားသုံးရန်မသင့်သည့် စားသောက်ကုန်၊ ဘီယာနှင့်ဆေးဝါး ငွေကျပ်သိန်း ၄၂၀ကျော်ဖိုးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးမောင်မောင်ကျော်၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းသန်း၊ လားရှိုးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
“သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း အကောက်ခွန်မဲ့ တရားမဝင်တင်သွင်းလာတဲ့ အမှု၁၁ မှုမှ ဘီယာ၊ ခေါက်ဆွဲခြောက်၊ ဆေးဝါး စုစုပေါင်းတန်ဖိုးငွေကျပ် ၄၂၀၂၀၀၀၀ ကို မီးရှို့ဖျက်ဆီးတာပါ” ဟု ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးမောင်မောင်ကျော်ကပြောသည်။
ယခုမီးရှို့ဖျက်ဆီးသည့်ပစ္စည်းများမှာ ဘီယာအမျိုးမျိုး၊ စားသောက်ကုန်နှင့် တရုတ်နိုင်ငံလုပ် HIV/AIDS ဆေးဝါးများအပါအဝင် အမျိုးသားကာမအားတိုးဆေးများဖြစ်ပြီး စုစုပေါင်း ၂၃ မျိုးကို မီးရှို့ဖျက်ဆီး ကြောင်း သိရသည်။