မဲဝိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက်ရှိသည့် အပြစ်မဲ့ကလေးငယ် တစ်ဦး အား KNLA တပ်မဟာ (၅)အဖွဲ့က လက်ဖြောင့်သေနတ်ဖြင့်ပစ်ခတ်
နေပြည်တော်၊ ဇန်နဝါရီ - ၁၆
ကရင်ပြည်နယ်၊ မဲဝိုင်အနီးရှိ တပ်မတော်စခန်း၏ တောင်ဘက် မဲဝိုင်ဘုန်းတော်ကြီး ကျောင်းတွင် နေထိုင်လျက်ရှိသည့် မဲဝိုင်ကျေးရွာသားဖြစ်သူ မောင်မိုးအောင် ၁၂ နှစ်သည် ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီ မိနှစ် ၂၀ ခန့်တွင် ဘုန်းတော်ကြီးကျောင်းနှင့် မီတာ ၃၀ ခန့်အကွာ၌ သင်္ဘောသီး ခူးနေစဉ် ၎င်းနေရာ၏ အနောက်တောင်ဘက် မီတာ၇၅၀ ခန့်မှ နေ၍ KNLA တပ်မဟာ(၅)မှ သုံးဦးခန့်က လက်ဖြောင့်သေနတ်ဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ မောင်မိုးအောင်၏ ဦးခေါင်းယာဘက် အရှည် ၃ လက်မ၊ အနက် လက်မဝက်ခန့် ကျည် ရှပ်ထိဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည်။
အဆိုပါ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် မောင်မိုးအောင်အား တပ်မတော်စခန်းရှိ လုံခြုံရေးတပ်ဖွဲ့မှ လိုအပ်သော ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်။
KNLA တပ်မဟာ(၅)အဖွဲ့အနေဖြင့် မဲဝိုင်အနီး သတ်မှတ်နယ်မြေကျော်လွန်၍ ပုံမှန်အုပ်ချုပ်မှု လုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မကြာခဏ နှောင့်ယှက်ပစ်ခတ်လျက်ရှိရာ ဒီဇင်ဘာလမှ ယခုကာလအထိ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်မှု ၁၅ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရှိရပြီး ယခုအခါ အပြစ်မဲ့ ပြည်သူများကိုပါ နှောင့်ယှက်ပစ်ခတ်သည်အထိ ကျူးလွန်လာခဲ့သည်။ KNLA အဖွဲ့အနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား လက်နက်ဖြင့် ပစ်ခတ်မှုသည် NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်းတွေ့ရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(ပြည်နယ်အဆင့်) Joint Ceasefire Monitoring Committee – State Level သို့ ကန့်ကွက် အကြောင်းကြား သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။