လီဗာပူးအသင်းသည် နောက်ဆုံးကစားသည့် ဆောက်သမ်တန်နှင့်ပွဲတွင် ရှုံးနိမ့်ပြီးနောက် မန်ယူ အသင်းသည် နိုင်ပွဲဆက်ကာ အမှတ်ပေးဇယား ထိပ်ဆုံးသို့ သုံးမှတ်အသာဖြင့် တက်လှမ်းခဲ့ရာ မန်ယူ နည်းပြဆိုးလ်ရှားက လက်ရှိအချိန် လီဗာပူးနှင့် တွေ့ရခြင်းသည် အကောင်းဆုံးအချိန်တွင် ချိန်သား ကိုက်တွေ့ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောသည်။
လီဗာပူးနှင့်မန်ယူတို့သည် ဇန်နဝါရီ ၁၇ ရက်ည တွင်ကစားကြမည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၉ ရက်က လီဗာပူးကို နှစ်ဂိုးပြတ်ရှုံးပြီးနောက်ပိုင်း မန်ယူအသင်းသည် အဝေးကွင်းရှုံးပွဲတစ်ပွဲမျှမရှိ၍ လည်း ဆိုးလ်ရှားက အကောင်းဆုံးအချိန်တွင် ကစားရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက ထိုသို့ပြောလာခြင်းအတွက် လီဗာပူး နည်းပြကလော့က မိမိအသင်းအတွက် လက်ရှိ အချိန်သည် ကစားသမားများ စိတ်ဓာတ်ပြင်းထန်စွာ နိုင်ပွဲပြန်ရှာမည်ဖြစ်၍ ကြည့်ကြသေးတာပေါ့ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကလော့က “ဆိုးလ်ရှား ဘာသဘောနဲ့ အကောင်းဆုံးအချိန်မှာ ကျွန်တော်တို့နဲ့တွေ့ရတယ် လို့ပြော တာသိပါတယ်။ ဆောက်သမ်တန်ကိုရှုံးခဲ့တော့ ကျွန်တော်တို့လိုချင်တဲ့အရာနဲ့ ခြားနားစွာရှိခဲ့လို့ အားလုံးဒေါသဖြစ်ခဲ့ရတယ်။ လက်ရှိမှာ ကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိကြ တယ်။ ဘာတွေမှားခဲ့သလဲ၊ ဘာပြောင်းလဲချင်လဲဆိုတာလည်းသိတယ်။ ဒါကြောင့် ဒီပွဲမှာကြည့်ရ ပါမယ်”ဟု ပြောသည်။
ကလော့က မန်ယူအသင်းကို ဆိုးလ်ရှား နည်းပြ သည့် နှစ်နှစ်အတွင်းရရှိသော ပယ်နယ်တီ ၄၆ လုံး သည် မိမိလီဗာပူးကိုနည်းပြသည့် ငါးနှစ်ခွဲအတွင်း ရခဲ့သော ပယ်နယ်တီ ၄၂ လုံးထက်ပိုများနေသည်ဟု ဝေဖန်ပြောဆိုခဲ့ရာ ဆိုးလ်ရှားက ဒိုင်များကို ဖိအား ပေးလို၍ ပြောခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
ယခုပွဲတွင် ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူမည့် တီယာနေးသည်လည်း မန်ယူအသင်းကစားသည့် နောက်ဆုံး ၁၀ ပွဲတွင် မန်ယူကို ပယ်နယ်တီငါးဂိုး အထိခွင့်ပြုပေးခဲ့ကာ လီဗာပူးကိုကိုင်တွယ်သည့် နောက်ဆုံး ၁၀ ပွဲတွင် ပယ်နယ်တီတစ်ဂိုးမျှမပေး၍ လီဗာပူးပရိသတ်များကြား ဝေဖန်ပြောဆိုမှုများရှိနေ သည်။