အောင်မင်္ဂလာကားဝင်းအတွင်း ငွေကျပ် သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ  ၁၆

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အောင်မင်္ဂလာကားဝင်းအတွင်း၌ ငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်အရသိရသည်။

အဆိုပါ  သတင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၄ ရက် နံနက် ၁ နာရီခန့်က  သာစည်မြို့နယ်ကျွဲတပ်ဆုံ X-Ray စက် စစ်ဆေးရေးနေရာတွင် တောင်ကြီးမှရန်ကုန်သို့ စိုင်းမင်းအောင်လှိုင်မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်ကိုစစ်ဆေးရာ ယာဉ်ပေါ်တွင် လူမဲ့တန်ဆာဖြင့်တင်ဆောင်လာသော    ဆာလာအိတ်များအတွင်း လက်ဖက်ခြောက် များနှင့်ရောနှော၍ စိတ်ကြွဆေးပြားထုပ်များ သိုဝှက်သယ်ဆောင်လာကြောင်းတွေ့ရှိခဲ့သဖြင့် ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းသို့ မွန်းလွဲ  ၁၂  နာရီခွဲတွင်ရောက်ရှိပြီး လူမဲ့တန်ဆာဆာလာအိတ်များကို လာရောက်ထုတ်ယူသူ သန်းဇော်ဦးအား AD VAN မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ယင်းဆာလာအိတ်အတွင်းမှ  စိတ်ကြွဆေးပြား ၅၁၀၀၀၀ ပြားသိမ်းဆည်းရမိခဲ့ကြောင်း   စစ်ဆေးဖော် ထုတ်ချက်အရ စိတ်ကြွဆေးပြားများလက်ခံမည့်သူ ရေခဲ(ခ)ကရင်အား မင်္ဂလာဒုံမြို့နယ်(၃/ခ)ရပ်ကွက် (၇)လမ်း အမှတ်(၂၁)နေအိမ်တွင် ဖမ်းဆီးရမိ၍  ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ညနေပိုင်းတွင် ၎င်းင်းထုတ်ယူရန် ကျန်ရှိနေသေးသည့် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ အခြားယာဉ်လိုင်းကားဂိတ် တွင် ဆာလာအိတ်များအတွင်းမှ စိတ်ကြွဆေးပြား ၉၉၀၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိသဖြင့်  စုစု ပေါင်းစိတ်ကြွဆေးပြား ၁၅ သိန်း စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးကို  သိမ်းဆည်း ရမိခဲ့ကြောင်း၊ စိတ်ကြွဆေးပြားများအား   လူမဲ့တန်ဆာ ပြုလုပ်၍ တောင်ကြီးမြို့ရှိ ကားဂိတ်များသို့ လာရောက်တင်ဆောင်ပေးသူ မနန်းမြစိန်(ခ)မခမ်းကို တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက်အရှေ့မြို့ပတ် လမ်းတွင်  မော်တော်ယာဉ်တစ်စီးဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးများပို့ဆောင်ခိုင်းသူ   ခွန်ဌေးသန်း (ခ)ခွန်သူရ(ခ)ခွန်မောင်ပေကို ယင်းနေ့ညနေ ၅ နာရီခန့်တွင် တောင်ကြီးမြို့ သစ်တော ရပ်ကွက်တွင် မော်တော်ယာဉ်တစ်စီးဖြင့်လည်းကောင်း၊ စိတ်ကြွဆေးပြားများပိုင်ရှင် အောင်ဇော်ထူးအား  ည ၇  နာရီ ခွဲတွင် တောင်ကြီးမြို့   သစ်တောရပ်ကွက်ရှိ ဟိုတယ်၌ စိတ်ကြွဆေးပြား ၃၄၀၊ မော်တော်ယာဉ်တ စ်စီးဖြင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် သန်းဇော်ဦး၊ ရေခဲ(ခ) ကရင်၊ မနန်းမြစိန်(ခ) မခမ်း၊ ခွန်ဌေးသန်း(ခ)ခွန်သူရ(ခ)ခွန်မောင်ပေ၊ အောင်ဇော်ထူးတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး  သိမ်းဆည်းရမိသော စိတ်ကြွဆေးပြားများ မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့နယ်မှ သယ်ဆောင်၍ ရန်ကုန်မှတစ်ဆင့် တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့ သို့ ထပ်ဆင့်ပို့ဆောင်ရောင်းချမည့်ပစ္စည်းများဖြစ်ကြောင်း သိရသည်။