ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ကြံတန်ချိန် ၁၀ သိန်းကျော်တင်ပို့မည်

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ကြံတန်ချိန် ၁၀ သိန်းကျော်တင်ပို့မည်

ယခုနှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်နှင့်  လောက်ကိုင်မြို့နယ်တို့မှ ထွက်ရှိသည့်ကြံတန်ချိန် ရှစ်သိန်းကျော်နှင့် ကချင်ပြည်နယ် လွယ်ဂျယ်မြို့မှ ထွက်ရှိသည့် ကြံတန်ချိန် နှစ်သိန်းကျော်စုစုပေါင်းကြံတန်ချိန် ၁၀ သိန်းကျော်ကိုတရုတ်နိုင်ငံသို့   တင်ပို့မည်ဖြစ်ကြောင်းမြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း    ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး၏ပြောပြချက်အရ သိရသည်။ ဒီနှစ် ကြံရာသီချိန်မှာ တရုတ်နိုင်ငံကိုတန်ချိန် ၁၀ သိန်းကျော်လောက် တင်ပို့မှာပါ။ အကုန်လုံးက စာချုပ်နဲ့တင်ပို့တာပါပဲ။ တရုတ်နိုင်ငံက မျိုးပေးတယ်။ အခွန်လည်းမရှိဘူး။ အရင်က ဘိန်းအစားထိုးစိုက်ထားတဲ့နေရာတွေပါ။ တရုတ်နိုင်ငံက ဘိန်းအစားထိုးစိုက်ပျိုးသီးနှံအဖြစ် အကူအညီပေးတာတွေ အများကြီးပါပါတယ်ဟု ဦးဝင်းဌေးကပြောသည်။

လက်ရှိ  ကြံတင်ပို့ရာတွင် လွယ်ဂျယ်မြို့မှ     ကုန်တင်ယာဉ်များဖြင့်လည်းကောင်း၊ ချင်းရွှေဟော်နှင့် လောက်ကိုင်မြို့နယ်တို့မှ ကိုယ်ပိုင်ထော်လာဂျီများဖြင့်လည်းကောင်း တင်ပို့လျက်ရှိကြောင်း သိရသည်။ထို့ပြင်  ကချင်ပြည်နယ်  ဗန်းမော်မြို့နယ်၌ ပြည်တွင်းကုမ္ပဏီတစ်ခုက ကြံဧက ၄၀၀၀ ခန့် စိုက်ပျိုးထားပြီး တရုတ်နိုင်ငံသို့  လွယ်ဂျယ်မှတစ်ဆင့် ကြံအပင်လိုက်ခုတ်၍ တင်ပို့လျက်ရှိကြောင်း၊ ယခုနှစ်တွင် ၎င်းတို့စိုက်ပျိုးထားသည့်ကြံများအပြင် တောင်သူများစိုက်ပျိုးထားသည့်ကြံများကိုပါ ဝယ်ယူပြီး တင်ပို့မည်ဖြစ်ကြောင်း သိရသည်။ကြံကို ပြည်တွင်း၌စိုက်ပျိုးကာ ပြည်ပသို့  တင်ပို့ခြင်းဖြစ်သည့်အတွက်  ထုတ်လုပ်တင်ပို့ရောင်းချသည့်ဖြစ်စဉ်တိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ    ရရှိကြောင်း သိရသည်။            

နေနေ