တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် များအားတွေ့ဆုံ၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၁၈

တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များက ဘုတ်ပြင်းမြို့၊ နယ်မြေခံ တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့ပြင် နယ်မြေခံ ဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုးအကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။