One Championship ကစီစဉ်ပြီး စင်ကာပူနိုင်ငံ၌ကျင်းပသည့် MMA ပြိုင်ပွဲ တီရယ်ထန် ဝင်ရောက် ယှဉ်ပြိုင်မည်

 

One Championship က စီစဉ်သည့် MMA ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိ နေကြောင်း   မြန်မာနိုင်ငံကိုယ်စားပြု ချင်းတိုင်းရင်းသား MMA ကစားသမား တီရယ်ထန်က လူမှု ကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြသည်။

တီရယ်ထန်နှင့်အတူ စင်ကာပူနိုင်ငံသို့ အောင်လအန်ဆန်လိုက်ပါခဲ့ပြီး လေ့ကျင့်ပြင်ဆင်မှုများ ကူညီ လုပ်ဆောင်ပေးလျက်ရှိသည်။ တီရယ်ထန်သည် အမေရိကန် နိုင်ငံ၌ နေထိုင်သူဖြစ်ပြီး လိုက်ဟဲဗီးဝိတ် တန်း ကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့်အတူ အမေရိကန်နိုင်ငံရှိ Sanford MMA စင်တာ၌ ပူးတွဲ လေ့ကျင့်မှုပြုလုပ်နေသူဖြစ်သည်။

“တီရယ်ထန်နဲ့အတူ စင်ကာပူနိုင်ငံမှာ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါ တယ်။ တီရယ်ထန်က စိတ်လှုပ်ရှားနေပေမယ့် လာမယ့် One Championship ရဲ့ MMA ပြိုင်ပွဲအတွက် သူအဆင်သင့် ဖြစ်နေ ပါပြီ”ဟု   အောင်လအန်ဆန်က လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြ သည်။

One Championship သည် ယခုနှစ်၏ ပထမဆုံး MMA ပြိုင်ပွဲအဖြစ် ဇန်နဝါရီ ၂၂ ရက်တွင် စင်ကာပူနိုင်ငံ၌ Unbreakable အမည်ဖြင့် ကျင်းပမည်ဖြစ်သော်လည်း ယင်းပွဲစဉ်၏တွဲဆိုင်း၌ တီရယ်ထန် ပါဝင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် တီရယ်ထန်သည် ဇန်နဝါရီ ၂၉ ရက်တွင်ကျင်းပမည့့် Unbreakable 2 ပြိုင်ပွဲနှင့် ဖေဖော်ဝါရီ ၅ ရက်တွင်ကျင်းပမည့့် Unbreakable 3 ပြိုင်ပွဲတို့၌ ပါဝင် လာနိုင်ဖွယ်ရှိသည်။

တီရယ်ထန်သည်   ၂၀၁၄ ခုနှစ်မှ စတင်ကာ အမေရိကန်နိုင်ငံ၌ ဒေသတွင်း MMA ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ ပြီး ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက One Championship နှင့်စာချုပ်ချုပ်ဆိုကာ စတင်လက်တွဲခဲ့ခြင်း ဖြစ်သည်။ တီရယ်ထန်သည် One Championship နှင့်လက်တွဲ၍ နှစ်ပွဲသာယှဉ်ပြိုင်ရ သေးပြီး COVID-19 ရောဂါအခြေအနေ ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ပြိုင်ပွဲများယှဉ်ပြိုင်ရခြင်းမရှိသေးပေ။

တီရယ်ထန်သည်    ပထမဆုံးပွဲအဖြစ် ၂၀၁၉ ခုနှစ် မတ်လက  ရန်ကုန်မြို့၌ ကျင်းပသည့်ပြိုင်ပွဲတွင်   ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့ကိုအနိုင်ရပြီး  ဒုတိယပွဲအဖြစ် ၂၀၁၉ ခုနှစ်  ဒီဇင်ဘာလတွင် မလေးရှားနိုင်ငံ၌  ကျင်းပသည့်ပြိုင်ပွဲတွင်တောင်ကိုရီးယားနိုင်ငံသား ကင်ဝန်ကွမ်ကို  အနိုင်ရရှိခဲ့သည်။