ဖေဖော်ဝါရီလတွင်ပြုလုပ်မည့် မြန်မာဘိလိယက်အဖွဲ့ ပဏာမလက်ရွေးစင်ရွေးချယ်ပွဲ ရွှေ့ဆိုင်း

ရန်ကုန်၊ ဘိလိယက်

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ဗီယက်နမ်ဆီးဂိမ်းအတွက် ပဏာမလက်ရွေးစင် ရွေးချယ်ပွဲကို ဖေဖော်ဝါရီလတွင် ကျင်းပရန်စီစဉ်ထားသော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း အဆိုပါအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပဏာမလက်ရွေးစင်ရွေးချယ်ပွဲကို မူလက  ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းရှိ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် အားကစားရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ဘိလိယက်(အမျိုးသား)ပြိုင်ပွဲ၊ စနူကာ (အမျိုးသား)ပြိုင်ပွဲနှင့်  9 Ball (အမျိုးသားနှင့် အမျိုးသမီး) ပြိုင်ပွဲတို့ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။

COVID-19 ရောဂါ အခြေအနေကြောင့် ပဏာမလက်ရွေးစင်ရွေးချယ်ပွဲရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး ပြန်လည် ကျင်းပမည့်ကာလကို ထပ်မံထုတ်ပြန်ပေးမည်ဖြစ်သည်။

“ဆီးဂိမ်းအတွက် ပဏာမလက်ရွေးစင် ရွေးချယ်ပွဲကို COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။ လက်ရှိမှာ ပြန်လည်ကျင်းပမယ့်ရက်ကို အတိအကျမပြောနိုင်သေးပါဘူး။ တာဝန်ရှိသူ အားလုံးနဲ့ ပြန်လည်ဆွေးနွေးပြီး ပြန်လည်ကျင်းပမယ့်ရက်ကို ထပ်မံထုတ်ပြန်ပေးပါမယ်။ စခန်းသွင်း လေ့ကျင့်မှုကိုလည်း ကစားသမားတွေရွေးချယ်ပြီးမှ ဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

 မြန်မာဘိလိယက်အဖွဲ့သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြီးဆုံးကတည်းက လေ့ကျင့်မှုများ ရပ်နားထားရကာ   ယခုနှစ်အတွင်း COVID-19 ရောဂါအခြေအနေကြောင့် နိုင်ငံတကာပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင် နိုင်ခြင်းမရှိကြောင်း သိရသည်။

မြန်မာဘိလိယက်အဖွဲ့သည် ဖိလစ်ပိုင်ဆီးဂိမ်းတွင် ရွှေတံဆိပ်ဆု နှစ်ခု၊ ငွေတံဆိပ်ဆု တစ်ခုနှင့် ကြေးတံဆိပ်ဆု သုံးခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။           

ကိုရဲ