ဆောင်လမာန် ရနောင်းအသင်းနှင့်ပူးပေါင်းလေ့ကျင့်မှု စတင်ပြုလုပ်

ရန်ကုန်၊ ဘောလုံး

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဆောင်လမာန်သည် ထိုင်းလိဂ်ဒုတိယအကျော့ အပြောင်းအရွှေ့တွင် ထိုင်းလိဂ်-၂ ကလပ် ရနောင်းအသင်းသို့ ရာသီဝက်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်မှစ၍ အသင်းနှင့် လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့သည်။

ဆောင်လမာန်သည် ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်းက ထိုင်းလိဂ်-၃ ကလပ်မြောင်ကန် ယူနိုက်တက် အသင်းမှ ထရက်အသင်းသို့  တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း ရာသီဝက်တွင် စာချုပ်ဖျက်သိမ်းခဲ့ပြီး ဒီဇင်ဘာနောက်ဆုံးပတ်တွင် မိခင်ကလပ် မြောင်ကန်ယူနိုက် တက်အသင်းသို့   ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

သို့သော် ဆောင်လမာန်သည် ဇန်နဝါရီ ဒုတိယပတ်တွင် ထိုင်းလိဂ်-၂ ကလပ် ရနောင်းအသင်း၏ ကမ်းလှမ်း မှုကြောင့် ရာသီဝက်အငှားစာချုပ်ဖြင့် ထပ်မံပြောင်း ရွှေ့ခဲ့ခြင်းဖြစ်သည်။ ဆောင်လမာန်သည် လက်ရှိ  ရနောင်းအသင်း၌  လစာ ဘတ်တစ်သိန်းခန့် ရရှိမည်ဖြစ်သည်။

ဆောင်လမာန်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက မြောင်ကန်ယူနိုက်တက်အသင်းသို့ လစာဘတ်တစ်သိန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြကစားနိုင်သည့်အတွက် ၂၀၂၀ ပြည့်နှစ် ဇွန်တတိယပတ်က အသင်းနှင့် နှစ်နှစ် သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

ကိုရဲ