အက်ဖ်အေဖလားမှထွက်ရမှု ဆောက်သမ်တန်၏ သင်ခန်းစာပေးခြင်းခံခဲ့ရဟု နည်းပြအာတီတာဆို ဇန်နဝါရီ ၂၆ ရက်ည ဆောက်သမ်တန်နှင့်ထပ်တွေ့မည့်ပွဲ၌ ကစားပုံပိုမိုကောင်းမွန်ရန်လိုဟုပြော

ဆောက်ကို့စ်၊ ဘောလုံး

အာဆင်နယ်အသင်းသည် ဇန်နဝါရီ ၂၃ ရက်ညက အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ်  ဆောက်သမ်တန်နှင့်ကစားရာ ပွဲချိန် ၂၆ မိနစ်တွင် ခံစစ်မှူး ဂါဘရီရယ်ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်း မိသည့်တစ်ဂိုးတည်းဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည်။ အဆိုပါဂိုးသည် မိမိတို့အမှားကြောင့် ပေးလိုက်ရ သည့်ဂိုးသာဖြစ်ပြီး ထိုပွဲတွင် ဆောက်သမ်တန်က မိမိတို့ကို သင်ခန်းစာပေးသွားခြင်းဖြစ်သည်ဟု နည်းပြ အာတီတာက ဝန်ခံခဲ့သည်။

အာဆင်နယ်အသင်းသည် ထိုပွဲမတိုင်မီ နောက်ဆုံးခြောက်ပွဲတွင် ငါးပွဲနိုင်ခဲ့သည်အထိ ခြေစွမ်းနှင့် ရလဒ်များ ပြန်ကောင်းလာသော်လည်း ဆောက်သမ် တန်ကို ရှုံးနိမ့်ခဲ့သည်။

ပွဲအပြီးတွင် အာတီတာက “ပြိုင်ပွဲက ထွက်လိုက်ရပြီဖြစ်တဲ့အတွက် အရမ်းဝမ်းနည်းရပါတယ်။ ဂိုးပေးလိုက်ရ တဲ့ဧရိယာက ပြိုင်ဘက်ကို ဘောလုံးပေးလိုက်လို့မရတဲ့နေရာကနေ ပေးလိုက်ရတာပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့ကစားပုံက အမှားအယွင်းလေးတွေရှိခဲ့တယ်။ ဒုတိယပိုင်းမှာတော့ အခွင့်အရေးကောင်း နှစ်ကြိမ်၊  သုံးကြိမ်လောက်ရခဲ့ပေမယ့် ပွဲကိုအနိုင်ရစေဖို့ လုံလောက်တဲ့အခွင့်အရေးတော့ မဖန်တီးနိုင်ခဲ့ဘူး။ ဂိုးပေး လိုက်ရတဲ့ပုံစံက ကိုယ်တွေအမှားကြောင့် ပေးလိုက်ရတာပါ။ ဒီလိုပွဲမျိုးမှာ ဆက်ကစားချင်ရင် ပြင်းပြင်း ထန်ထန်ပြိုင်ဆိုင်နိုင်မှ ဖြစ်မယ်။ ဒီလိုမှမဟုတ်ရင် ပြိုင်ပွဲကနေထွက်ရပြီဆိုတာကို ကြိုသိနေသလို ခံစားရမှာပဲ။ တစ်ဖက် အသင်းက သင်ခန်းစာကောင်းတစ်ခုပေးသွားတာပါ။ တကယ့်ကို ခက်ခဲတဲ့ပွဲမျိုးဖြစ် ခဲ့တယ်။ သူတို့ကစား တာကို  ကျွန်တော်တို့  သင်ခန်းစာယူပြီး  ဇန်နဝါရီ ၂၆  ရက်ညပွဲအတွက်  ပြင်ဆင်ကြရမှာဖြစ်ပါတယ်” ဟုပြောသည်။

အာဆင်နယ်အသင်းသည် ဇန်နဝါရီ ၂၆ ရက်တွင် ဆောက်သမ်တန်၏ စိန့်မေရီကွင်းသို့ ပရီးမီးယား လိဂ်ပွဲအဖြစ် သွားရောက်ကစားရဦးမည်ဖြစ်၍ အာတီတာက ထိုပွဲအတွက် ကောင်းမွန်စွာကစားနိုင်ရန် အသင်းသားများကို ဖိအားပေးတိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။

Ref:Dailymail