ညောင်လေးပင်-တောင်ငူ လမ်းပိုင်းတွင် အသုံးပြုမည့် ရထားသံလမ်းများ ထပ်မံရောက်ရှိ

ရန်ကုန်-မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း  အပိုင်း  (၁)  ရန်ကုန်-တောင်ငူလမ်းပိုင်း CP-103 ညောင်လေးပင်-တောင်ငူလမ်းပိုင်းတွင်   အသုံးပြုရန် ဂျပန်နိုင်ငံမှ ရထားသံလမ်းများ ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းသို့  သြဂုတ် ၁၇ ရက်က ထပ်မံရောက် ရှိကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာဦးအောင်သူလတ် ၏ပြောပြချက်အရ သိရသည်။

ရန်ကုန် - တောင်ငူလမ်းပိုင်းအတွက် သံလမ်း စုစုပေါင်း ၂၂ ကြိမ်ရောက်ရှိမည် ဖြစ်ပြီး ယခုထပ်မံရောက်ရှိသည့် သံလမ်းသည် (၁၇) ကြိမ်မြောက်ဖြစ်ကြောင်း၊ CP-103  ညောင်လေးပင်-တောင်ငူလမ်းပိုင်းအတွက် ခြောက်ကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ပြီး တန်ချိန် ၃ဝဝဝ ခန့်ရောက်ရှိကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်း၍  ရန်ကုန်-မန္တလေး လမ်းပိုင်း   အဆင့်မြှင့်တင်ရေး စီမံကိန်း အပိုင်း (၁) ရန်ကုန်-တောင်ငူလမ်းပိုင်းနှင့်အပိုင်း (၂) တောင်ငူ-မန္တလေးလမ်းပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲပြီး ဆောင်ရွက်ရန် လျာထားသည်။

အပိုင်း (၁) ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို ၂ဝ၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် လျာထားပြီး အပိုင်း(၂) တောင်ငူ-မန္တလေးလမ်းပိုင်းကို ၂ဝ၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။