မန်ယူအသင်းသည် ဇန်နဝါရီ ၂၄ ရက်ညက အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွင် လီဗာပူးအသင်းကို ၃ ဂိုး-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ရာ အဖိုးတန်အနိုင်ဂိုးကို ဖရီးကစ်မှ သွင်းယူခဲ့သည့် ကွယ်လယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ထိုပွဲမတိုင်မီတစ်ရက်က လေ့ကျင့်ခန်းဆင်းအပြီး ၄၅ မိနစ်ကြာ ဖရီးကစ်လေ့ကျင့်နေခဲ့၍ မိမိအနေဖြင့် နားခိုင်းခဲ့ရကြောင်း မန်ယူနည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောသည်။
ထိုပွဲ၌ အဖွင့်ဂိုးကို လီဗာပူးဘက်မှ တိုက်စစ်မှူး ဆာလက်ချ်က ပွဲစပြီး ၁၈ မိနစ်တွင် တစ်ဂိုးသွင်းယူကာ မန်ယူဘက်မှ ဂရင်းဝုဒ်နှင့် ရက်ရှ်ဖို့ဒ်တို့က ၂၆ မိနစ်နှင့် ၄၈ မိနစ်တို့တွင် နှစ်ဂိုးပြန်သွင်း ခဲ့သည်။ သို့သော် ပွဲချိန် ၅၈ မိနစ်တွင် လီဗာပူးအတွက် ဆာလက်ချ်က ချေပဂိုးပြန်သွင်းခဲ့ပြီး နောက် ပွဲချိန် ၇၈ မိနစ်တွင် ဖာနန်ဒက်စ်က အနိုင်ဂိုးကို ဖရီးကစ်မှ လှလှပပကန်သွင်းသွားခဲ့ခြင်းဖြစ်သည်။ ဆိုးလ်ရှားသည် လီဗာပူးနှင့်ပွဲ၌ ဖာနန်ဒက်စ်ကို ပွဲထွက်ကစားစေခြင်းမပြုဟု ကြိုတင်ပြောကြားထားပြီး လီဗာပူးအသင်း ပွဲချိန်နှောင်းပိုင်းတွင် ခြေစွမ်းကျဆင်း လာတတ်သည်ကိုသိ၍ ထိုအချိန်မှ လူစားဝင်ကစားစေရန် စီစဉ်ထားကြောင်း ဆိုးလ်ရှားက ပြောဆိုခဲ့ရာ ပြောခဲ့သည့်အတိုင်း ပွဲချိန်နှောင်းပိုင်းမှ ဗန်ဒီဘိခ်နေရာတွင် လူစားဝင်ကစားစေခဲ့ခြင်း ဖြစ်သည်။
ဖာနန်ဒက်စ်သည် ပွဲထွက်ခွင့်မရမှန်း ကြိုသိခဲ့ သည့်အတွက် လေ့ကျင့်ခန်းအပြီး အနားယူခြင်း မျိုးမလုပ်သည့်အပြင် ပွဲနေ့မတိုင်မီတစ်ရက်က လေ့ကျင့်ခန်းအပြီး နောက်ထပ် ၄၅ မိနစ်ကြာ ဖရီးကစ်လေ့ကျင့်နေခြင်းကြောင့် မိမိကိုယ်တိုင်က
နားခိုင်းခဲ့ရသည်ဟု ဆိုးလ်ရှားက ပွဲအပြီးတွင် ပြောသည်။
ဆိုးလ်ရှားက တကယ်လှပတဲ့ ဖရီးကစ်ဂိုးပါပဲ။ သူ့ကို ပွဲထွက်မကစားရဘူးပြောပေမယ့် သူက အေးအေးဆေးဆေး မနားဘူး။ စနေနေ့က လေ့ကျင့်ခန်းအပြီး ၄၅ မိနစ်ကြာ ဖရီးကစ်ဆက်လေ့ကျင့်နေလို့ နားခိုင်းလိုက်ရသေးတယ်။ ဒါပေမဲ့
ကျွန်တော်သိလိုက်တယ်။ သူက ပွဲထွက်ကစားရခြင်းမရှိတဲ့အတွက် အချိန်ယူပြီး ဖရီးကစ်လေ့ကျင့်ခဲ့ရာက ဒီနေ့လို လှပတဲ့ဖရီးကစ်နဲ့အသင်းကိုအနိုင်ရစေခဲ့တာပါ ဟု ချီးကျူးခဲ့သည်။
ဖာနန်ဒက်စ်က ထိုဖရီးကစ်ဂိုးသွင်းနိုင်စေရန် အသင်းဖော်ဝါရင့်တိုက်စစ်မှူး ကာဗာနီအကြံပေးသည့်အတိုင်း ကန်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောခဲ့သည်။
Ref:Dailymail