လီဗာပူးအသင်းသည် ဇန်နဝါရီ ၂၄ ရက်ညက အိုးထရက်ဖို့ဒ်ကွင်း၌ မန်ယူအသင်းနှင့်ကစားရာ ၃ ဂိုး-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့၍ ပြိုင်ပွဲမှ ထွက်လိုက်ရပြီးနောက် လီဗာပူးနည်းပြ ဂျာဂန်ကလော့က ယခုပွဲတွင်လည်း မိမိတို့အမှားကြောင့် ရှုံးခဲ့ရခြင်းသာ ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။ လီဗာပူးအသင်းသည် ဇန်နဝါရီ ၂၂ ရက်ညကလည်း ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ၌ ဘန်လေကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ကလော့က ကိုယ်လုပ်သည့် အမှားကြောင့် ရှုံးခဲ့ရသည်ဟုဆိုခဲ့ပြီး ယခုမန်ယူကိုလည်း တန်ပြန်တိုက်စစ်မှ ဂိုးများပေးခဲ့ရာတွင် ထိုအခွင့်အရေး ပေးခဲ့မှုအတွက် မိမိတွင် တာဝန်ရှိသည်ဟု ဝန်ခံစကားဆိုခဲ့သည်။
လီဗာပူးအသင်းသည် ပရီးမီးယားလိဂ်တွင်လည်း နောက်ဆုံးငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ကာ နောက်လာမည့်ပွဲတွင် မော်ရင်ဟို၏ စပါးနှင့် ထပ်မံရင်ဆိုင် ရဦးမည်ဖြစ်ရာ လက်ရှိ ချန်ပီယံအသင်း၏ စွမ်းဆောင်ရည်နှင့် ရလဒ်ဆိုးများအပေါ် ဝေဖန်မှုများမြင့်တက်လာခဲ့သည်။ နည်းပြကလော့က ကိုယ့်ဂိုးပေါက်နားမှာ အမှားတချို့ကိုလည်း လုပ်ခဲ့ကြတယ်။ ဒီလိုနေရာ၊ ဒီလိုပွဲမျိုး အနိုင်လိုချင်ရင်တော့ ထိပ်တန်းအဆင့်မျိုးရှိနိုင်ရမယ်။ ဒီနေ့ညပွဲမှာ ဒီအဆင့်မရှိခဲ့ဘူး။ နှစ်ဂိုးသွင်းနိုင်ပေမယ့် သူတို့ဘက်က သုံးဂိုးသွင်းသွားတယ်။ ကျွန်တော်တို့ အတွက်တော့ ရလဒ်ဆိုးပါပဲ ဟု ပြောသည်။
Ref:Dailymail