ယခုနှစ်ဘောလုံးရာသီအတွက် ကစားသမားများ မှတ်ပုံတင်ခြင်းကို ဧပြီ ၅ ရက် နောက်ဆုံးပြုလုပ်ရန် သတ်မှတ်ထား

ယခုနှစ်ဘောလုံးရာသီအတွက် မြန်မာနေရှင်နယ်လိဂ်   ကလပ်အသင်းကစားသမားများ မှတ်ပုံတင်ခြင်းကို ဧပြီ ၅ ရက် နောက်ဆုံးထားပြုလုပ်ရန် သတ်မှတ်ထားကြောင်း  လိဂ်ကော်မတီမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် မှတ်ပုံတင်ရာတွင် ကစားသမားများအပြင် အုပ်ချုပ်မှုအဖွဲ့၊ နည်းပြအဖွဲ့များကိုပါ ဧပြီ ၅ ရက် နောက်ဆုံးထားပြုလုပ်ရမည် ဖြစ်သည်။

ကလပ်အသင်းကစားသမားတွေ မှတ်ပုံတင်ဖို့ ဧပြီ ၅ ရက်အထိ ခွင့်ပြုပေးထားပါတယ်။ လိဂ်ပြိုင်ပွဲကို ဧပြီတတိယပတ်မှာ

စဖို့ ရည်မှန်းထားတဲ့အတွက် ကစားသမားတွေ မှတ်ပုံတင်တာကို ဧပြီပထမပတ်မှာ ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ကလပ်အသင်းတွေအနေနဲ့    ပြည်တွင်းပြည်ပ ကစားသမားသစ်တွေ ခေါ်ယူမှုပြုလုပ်ထားရင်လည်း ကိုယ့်ကစား သမားတွေကို ဧပြီ ၅ ရက် နောက်ဆုံးထားပြီး ကစားသမား မှတ်ပုံတင်မှုတွေ လုပ်ဆောင်ပေးထားရမှာ ဖြစ်ပါတယ်။   မှတ်ပုံတင်ထားခြင်းမရှိတဲ့ ကစားသမားတွေကို ပါဝင်ကစားခွင့်ပြုမှာ မဟုတ်ပါဘူးဟု လိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင်  လိဂ်ကော်မတီက ရာသီကြို အပြောင်းအရွှေ့ကာလကို ဇန်နဝါရီ ၁၂ ရက်မှ ဧပြီ ၅ ရက်အထိ သုံးလနီးပါး သတ်မှတ်ပေးထားသည်။

ယခုနှစ်တွင် ဘောလုံးရာသီသစ် စတင်မည့်ကာလနောက်ကျခြင်းနှင့်     ပြည်ပကစားသမားခေါ်ယူမှုအခက်အခဲရှိနိုင်ခြင်း

တို့ကြောင့်   ရာသီကြို အပြောင်းအရွှေ့ကာလကို သုံးလနီးပါး သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယခင်က   ရာသီကြိုအပြောင်းအရွှေ့ ကာလကို နှစ်လဝန်းကျင်သာ သတ်မှတ်ပေးခဲ့ပြီး ယခုနှစ်တွင် ပထမဆုံးအကြိမ် သုံးလနီးပါး သတ်မှတ်ပေးခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သည် ယခုနှစ်တွင် ပြည်ပကစားသမားခေါ်ယူမှု စည်းမျဉ်းကို ပြောင်းလဲခြင်း မရှိဘဲ အာရှဘောလုံး အဖွဲ့ချုပ်၏ (၃+၁) စည်းမျဉ်းအတိုင်း အာရှပြင်ပ နိုင်ငံခြားသားကစားသမားသုံးဦးနှင့် အာရှကစားသမားတစ်ဦး ခေါ်ယူ ခွင့်ပြုထားကြောင်း သိရသည်။

ကိုရဲ