မိုးရာသီသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မထင်မှတ်သော ခရီးစဉ်တစ်ခုကို လိုက်ပါသွားဖြစ်ခဲ့သည်။ ဤခရီးစဉ်ကို လိုက်ပါရန် ဖိတ်ခေါ်ခဲ့သူမှာ ခရီးစဉ်ကို ဦးဆောင်သူ ဦးမျိုးကြီး (သုခမိန်မြန်မာပြည် အနှံ့ဘုရားဖူး အပန်းဖြေပို့ဆောင်ရေး) ဖြစ်သည်။ သွားကြမည့်ခရီးစဉ်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ သံတဲရွာ (ယခင်မီးပြရွာ)သို့ဖြစ်ပြီး ရှေး ဟောင်းအမွေအနှစ်ဘုရားများလည်း ဖူးခဲ့ရသည့် နေ့ချင်းပြန်ခရီးစဉ်ဖြစ်သည်။
ခရီးလမ်းကြောင်းသည် ရေလမ်း၊ ကုန်လမ်းနှစ်မျိုးဖြင့် သွားခဲ့ရသည်။ အဆိုပါ ခရီးစဉ်သို့ ရထားဖြင့် စတင်ဖြစ်ခဲ့သည်။ ရန်ကုန်ဘူတာကြီး အမှတ်(၁) စင်္ကြံမှ စတင်ထွက်ခွာလာရာ လမ်းတစ်လျှောက် ရန်ကုန်မြို့ပြမြင်ကွင်းနှင့် ရထားဘူတာ ရုံများ၊ ရထားလမ်းတစ်လျှောက် စပါးစိုက်ခင်းများကိုလည်း မြင်တွေ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်သို့အဝင် သန်လျင်တံတားကလည်း ခံ့ထည်လှပါသည်။ တံတား၏ အသွား အပြန်ကားလမ်း နှစ်လမ်းကြားရှိ ရထားလမ်း၌ ကျွန်မတို့ စီးလာသောရထားက ခပ်ဖြည်းဖြည်း ခုတ်မောင်းကာ မြစ်ပြင်အလှ၊ တံတားပေါ်ကမြင်ကွင်းနှင့် စိတ်ကြည်လင် မှုများဖြင့် ဤခရီးအစကို ကျေနပ်နေကြရ ပါသည်။
သန်လျင်တံတားကြီးကိုဖြတ်ကာ သီလဝါအထူးစီးပွားရေးဇုန်သို့ ရောက်သောအခါ အသင့်စောင့်နေသော ကားကိုစီး၍ ခရီးဆက်ခဲ့ကြသည်။ ဦးစွာ ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်းမြစ်ကမ်းခြေသို့ ရောက်ရှိခဲ့ပြီး ကမ်းခြေမှ စက်လှေ များဖြင့် ကျိုက်မှော်ဝန်းမြစ်ကိုကူးကာ သံတဲကမ်းခြေဟုဆိုသော ပင်လယ်ကမ်းစပ် မီးပြရွာသို့ကားဖြင့် ခရီးဆက် ခဲ့ကြသည်။
ခရီးသွားရာသီ မဟုတ်သေးသော်လည်း နေ့ချင်းပြန်ခရီးကို ယာဉ်၊ ရထား၊ စက်လှေတို့ဖြင့် သွားခဲ့ရပြီး မရောက်ဖူး သေးသော နေရာဒေသများကို ရောက်ရှိခဲ့ကာ တစ်ချိန်က ကိုလိုနီခေတ်ဗိသုကာလက်ရာ လက်ကျန်များကိုပါ လေ့လာခွင့် ရသည့်အတွက် ဤခရီးသည် တန်ဖိုးရှိလှသည်။
ကားလမ်းဘေးဝဲယာတွင် အောင်မြင်ဖြစ်ထွန်းနေသော လယ်ယာသီးနှံစပါးခင်းများက စိမ်းစိမ်းစိုစိုရှိလှသည်။ ကျွန်မ တို့ မီးပြကျေးရွာသို့ ရောက်ခဲ့ချိန်က မွန်းတည့် ၁၂ နာရီခန့်ဖြစ်သော်လည်း နေမပူမိုးမရွာဘဲ ရာသီဥတုသာယာလှ သည်။ ဒေသခံများ၏ ကြိုဆိုမှုနှင့် ကျွန်မတို့ ခရီးသွား ၅၀ ကျော်မှတစ်ပါး ကမ်းခြေ၌ ဧည့်သည်ရှင်းနေပါသည်။ သို့သော် လည်း စက်ဘီးစီးအဖွဲ့တစ်ဖွဲ့ ထပ်တိုးလာသောကြောင့် သံတဲကမ်းခြေတွင် စည်စည်ကားကား ဖြစ်သွားပါသည်။
သံတဲကမ်းခြေသည် ပင်လယ်သုံးခွဆိုင်၌ရှိသဖြင့် ပင်လယ်ရွာကလေးနှင့် အေးချမ်းစွာရှိနေပြီး ကိုလိုနီခေတ် လက်ကျန်ဟုဆို သောအုတ်တိုင်ကြီးကို မြင်တွေ့ရသည်။ ရှေးခေတ်အုတ်များနှင့် အပြိုအပျက် တစ်ပိုင်း အုတ်တိုင်ကြီးသည် ပုံဟန်ဖမ်း၍ ဆိုရသော် ယခင်က လေးထောင့်ပုံဖြစ်နိုင်ပါသည်။ လဲပြိုတော့မည့်ဟန်ဖြင့် ချုံနွယ်များကလည်း ကပ်ပြီးနေရာယူနေသောကြောင့် ဤတိုင်ကြီးကို မပြိုကျအောင် ထိန်းသိမ်းသင့်ပါသည်။ ဤအုတ် တိုင်ကြီးအား မည်သည့်ခေတ်က မည်သို့ အသုံးပြုခဲ့သည်ကို မေးမြန်းမှတ်သားမိခဲ့ရသည်။
ယခုအခါ သံတဲရွာလေးသည် စံပြရွာအဖြစ် ဂုဏ်ပြုခြင်းခံထားရပြီဖြစ်သည်။ ကိုလိုနီခေတ်လက်ကျန် အမှတ်အသားဟု ဆိုထားသော ဤအုတ်တိုင်ကြီးအကြောင်း တိကျသော မှတ်တမ်းရှိသင့်ပါသည်။ ကုန်းတွင်းပိုင်း ခပ်လှမ်းလှမ်းတွင်လည်း မီးပြတိုင် တစ်ခုကိုတွေ့ရ၍ အနီးကပ်လေ့လာမိရာ ယနေ့ဆက်သွယ်ရေး တာဝါတိုင်များနှင့် ခပ်ဆင်ဆင်တူနေပါသည်။ ထို့ကြောင့် မီးပြတိုင်နှင့် အုတ်တိုင်ကြီးအကြောင်း မေးမြန်းဖြစ်ခဲ့သည်။
အုတ်တိုင်ကြီးသည် ကျေးရွာနေ အသက်အရွယ်ကြီးသူများ စကားအရ အင်္ဂလိပ် အုပ်စိုးစဉ်အခါက ရေကြောင်းအချက်ပြ အဖြစ်ထားပြီး မီးအလင်းနှင့်လည်း အချက် ပြထားကြောင်း၊ ပင်လယ်ပြင်သွားသင်္ဘောများ ရေကြောင်းမမှားစေရန် သင်္ဘောသားအိမ်မြှောင်ကဲ့သို့ မီးနီပြမီးတိုင်ဟုခေါ်သော ရေကင်းမျှော်စင်လည်း ရှိခဲ့ကြောင်း ဆိုကြပြီး တချို့သော လူကြီးများက အုတ်တိုင်ကြီးသည် မြန်မာမင်းများလက်ထက်က နယ်နိမိတ်မှတ်သားထားသောတိုင်ဟုလည်း သိရပါသည်။
ကျေးရွာအတွင်းမှ လူကြီးတစ်ဦး၏ စကားအရ အုတ်တိုင်ကြီးတည်ထားသော ခုနှစ်သက္ကရာဇ်ကို အုတ်ကျစ်ကျော်ကြား သံတဲထားဟု ဆိုသဖြင့် သက္ကရာဇ် ၁၂၂၂ ခုနှစ်တွင်တည်သည်ဟု ငယ်စဉ်က သိခဲ့ရသလို ဤမီးပြရွာလေးသည် ၎င်းင်းတို့ ငယ်စဉ်က ကမ်းခြေတွင် ညအိပ်နားနေသော တံငါလှေများသည် သူ့အစုနှင့်သူ တချို့က ရာသီဥတု မကောင်းလျှင် ရက်ရှည်နားနေရာမှ တံငါတန်းရွာလေးဖြစ်ခဲ့ပြီး နောင်အခါ မြေများကို ဈေးကောင်း ပေးဝယ်ကြရသည် အထိ နေထိုင်သူများခဲ့သည်ဟု ဆိုပါသည်။
ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် ကုလားတန်ကျေးရွာအုပ်စု သံတဲရွာ၏ အနောက်ဘက်ပိုင်းတွင်ရှိသော သံတဲပင်လယ်ကမ်းခြေသည် နောက်ပိုင်းတွင် ခရီးသွားများဖြင့် စည်ကားသာယာလာတော့မည်မှာ သေချာပါသည်။ ကျွန်မတို့ သည် သံတဲကမ်းခြေရှိ ခေတ္တနားနေနိုင်သည့် ကမ်းခြေစားသောက်ဆိုင်၌ နံနက်စာစားရင်း လူငယ်များ ရေဆော့ကစားနေသော မြင်ကွင်းကိုကြည့်ကာ ယခုထက်ပို၍ စည်ကားပါစေဟု ဆန္ဒပြုကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ခဲ့ပါသည်။
ကျွန်မတို့ သံတဲကမ်းခြေကို နှုတ်ဆက်ပြီး အပြန်ခရီးတွင် ဘုရားဖူးရန်ဖြစ်သဖြင့် ရှေးယခင်က မီးပြရွာ၏ ရှေးဟောင်း သမိုင်းဝင် ရွှေဘုံသာရေလယ်ဘုရားသို့ ဖြစ်ပါသည်။ ကျောက်တန်းမြို့နယ်၌ ရှေး ဟောင်းအမွေအနှစ် ဘုရားစေတီ များစွာ ကိန်းဝပ်နေသည့်ထဲ၌ ရေလယ်ဘုရားနှစ်ဆူ ရှိပါသည်။ ပထမရေလယ်ဘုရားမှာ ကျိုက်မှော်ဝန်းရေလယ်ဘုရား ဖြစ်ပြီး ယခုသွား ရောက်ဖူးမြော်ကြသည့်ဘုရားမှာ ရွှေဘုံသာ ရေလယ်ဘုရားဖြစ်ပါသည်။
ရွှေဘုံသာရေလယ်ဘုရားမှ အရိပ်မှန်ထွက်သော ရွှေဂူကြီးစေတီသို့လည်း ဘုရားဖူးရောက်ခဲ့ရပြီး ရန်ကုန်ပြန်ကြရန် ပြင်ဆင်ကြပါသည်။
ဤခရီးစဉ်သည် မူလကသွားရန် မရည်ရွယ်ခဲ့သော်လည်း ရောက်ရှိခဲ့ရခြင်းဖြစ်ပြီး ဘုရားလည်းဖူးကမ်းခြေ၌လည်း အနားယူ မီးပြတိုင်ဟောင်း၊ နယ်ခြားမှတ်တိုင်ဟောင်းများ လေ့လာနှင့် အတော်ကျေနပ်စရာကောင်းသော တစ် ရက်ခရီး ဖြစ်ပါကြောင်း မှတ်တမ်းပြုရေးသား လိုက်ရပါသည်။ ။
မမဉ္ဇူဝေ(ကျုံမငေး)