မြန်မာဖူဆယ်အားကစားလောက၏ အတောက်ပဆုံးကြယ်တစ်ပွင့်

မြန်မာဖူဆယ်အားကစားလောကရဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ခင်ဇော်လင်းက မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၊ MIU ဖူဆယ်ကလပ်တို့နဲ့ ပြည်တွင်း၊ ပြည်ပမှာ အောင်မြင်မှုများစွာ ရရှိထားသူဖြစ်ပြီး ထိုင်းဖူဆယ်ကလပ် ဆူရတ်သာနီ အသင်းမှာလည်း သွားရောက်ကစားခဲ့ဖူးပါတယ်။ ပထမဆုံး ပြည်ပကလပ်အသင်းမှာ ခေါ်ယူခြင်းခံခဲ့ရတဲ့ မြန်မာဖူဆယ်ကြယ်ပွင့် ခင်ဇော်လင်းနဲ့ အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။

လက်ရှိ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလမှာ ဖူဆယ်ပြိုင်ပွဲတွေလည်း  နားထားတော့  လေ့ကျင့်မှုတွေ ဘယ်လိုလုပ်ဖြစ်နေလဲ။   အသင်းလိုက်(ကလပ်/လက်ရွေးစင်) လေ့ကျင့်ရေးတွေရော ပြန်စနေပြီလား။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလမှာတော့ အိမ်မှာပဲနေရတာပေါ့။ Training လုပ်ရတဲ့အတွက် ဝိတ်မတက်အောင် နေရတယ်။ အသင်းလိုက်လေ့ကျင့်မှုတွေကတော့  သက်ဆိုင်ရာ ဝန်ကြီးဌာနက အားလုံးကို ခွင့်ပြုတော့မှပဲ ပြန်စမယ်လို့ထင်တယ်။

မြန်မာဖူဆယ်လောကအတွက် အခုဆိုရင် ဖူဆယ်ကွင်းသစ်ကြီးလည်း ပြီးတော့မယ်၊   လက်ရွေးစင်အဆင့်ရော  ကလပ်အသင်းအဆင့်မှာပါ အာရှထိပ်သီးပြိုင်ပွဲတွေ ဝင်ပြိုင်နေရပြီ။ ဖူဆယ်ကို ဘောလုံးလိုမျိုးပဲ မြန်မာပရိသတ်တွေ ပိုပြီးအားပေးလာအောင်၊ ကျယ်ပြန့်လာအောင် ဘယ်လိုလုပ်သင့်တယ်လို့ ထင်မိလဲ။

အဓိကကတော့ ဘယ်အားကစားနည်းမဆို ပရိသတ်က အားပေးကြတာပါပဲ။ ဖူဆယ်ကလည်း အောင်မြင်မှုတွေ အထိုက်အလျောက်ရလာတော့  အားပေးကြပါတယ်။ ဒီထက်ပိုပြီး အားပေးလာဖို့ဆိုရင်တော့ မီဒီယာပိုင်းလည်း လိုတာပေါ့။ ကစားသမားတွေဘက်ကလည်း အားပေးချင်လာအောင် ကြိုးစားမယ်၊ ဒီလိုပွဲတွေကို ဆိုရှယ်မီဒီယာမှာ    တင်ပေးမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့  ပရိသတ်တွေ  ပိုပြီးစိတ်ဝင်စားလာမယ်လို့ ထင်ပါတယ်။

မြန်မာဖူဆယ်လောကမှာ  ပထမဆုံး ပြည်ပကို ထွက်ကစားတဲ့သူဖြစ်လို့  ထိုင်းဖူဆယ်လောကကို  ထိတွေ့ခွင့်ရခဲ့တဲ့ ခံစားချက်ရယ်၊  မြန်မာဖူဆယ်လောကနဲ့ ဘယ်လိုကွာခြားချက်တွေရှိလဲဆိုတာပါ  သိချင်ပါတယ်။ အဓိကကွာ တာကတော့    ကွင်းပေါ့။

ကျွန်တော်သွားကစားတဲ့ ကလပ်ရဲ့ကွင်းဆိုပရိသတ် ၄၀၀၀ လောက်ဆံ့တယ်။ ဒီမှာဆိုရင် အခုမှ ကွင်းသစ်ပြီးမှာပေါ့။ သူတို့ဆီမှာက ကလပ်အသင်း အိမ်ကွင်းတွေရှိတယ်။ အိမ်ကွင်း၊ အဝေးကွင်း ကစားတယ်။ သူတို့ဆီကို နိုင်ငံခြားသား ခေါ်ကစားတယ်။ နိုင်ငံခြားသားတွေဆီက အတွေ့အကြုံယူတော့ လက်ရွေးစင်အဆင့်မှာ   ကစားတဲ့အချိန် အောင်မြင်မှုရတာတွေ များတယ်။

အခုဆိုရင် ဘောလုံးမှာ ထိုင်းကို ထွက်ကစားတဲ့ မြန်မာကစားသမားတွေ ပြောကြတာက ထိုင်းကစားသမားတွေနဲ့ ဆက်ဆံရေးက ထင်သလောက် မကောင်းကြဘူး။

ထိုင်းမှာကစားခဲ့တုန်းကရော ထိုင်းကစားသမားတွေနဲ့  ဘယ်လိုဆက်ဆံရေးရှိလဲ။   ဘာသာစကား   အခက်အခဲတွေကိုရော ဘယ်လိုဖြေရှင်းခဲ့လဲ။

ကျွန်တော်   သွားကစားတုန်းကတော့ အဲဒီလိုမျိုး မကြုံခဲ့ရဘူး။ သူတို့အကုန်ကူညီပေးတယ်။ ဘာသာစကားအခက်အခဲက

တော့ရှိတယ်။ မြန်မာကစားသမားတွေကမှ အင်္ဂလိပ်လိုပြောတတ်သေးတယ်။ သူတို့ကျတော့   နည်းနည်းပါးပါးပဲ ပြောတတ်တယ်။ ဘောလုံးနဲ့ပတ်သက်တဲ့ ထိုင်းစကား နည်းနည်းသင်ရပါတယ်။

ဖူဆယ်က အခုနောက်ပိုင်းမှ ထွန်းကားလာတယ်။ ဘောလုံးဆိုရင် ကွင်းကြီးပဲ ကန်ကြတဲ့အချိန်မှာ ဘာကြောင့် ဖူဆယ်ကို

စပြီး ရွေးချယ်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြပေးပါဦး။

၂၀၁၀၊ ၂၀၁၁ ခုနှစ်လောက်မှာ တက္ကသိုလ်တက်နေချိန်   ကျွန်တော့်လက်ဦးဆရာဦးမြင့်အုန်းဆိုတာရှိတယ်။ ညနေပိုင်းဆိုရင် သွားကစားတယ်။ အဲဒီလိုနဲ့ ဖူဆယ်လိဂ်စမယ့်အချိန်မှာ ကလပ်အသင်းတစ်သင်းကို ဆရာကတာဝန်ယူ ခွင့်ရလို့ ကစားသမားရွေးမယ်။ လာအရွေးခံကြည့်ပါလား ဆိုတော့  သွားအရွေးခံရင်းနဲ့  ပရိုကစားသမားဖြစ်လာတာပါ။  အပြင်မှာ ဘောလုံးစကစားကတည်းက ဖူဆယ်စပြီးကစားဖြစ်သွားတာပါ။

ဖူဆယ်စကစားဖို့ ဆုံးဖြတ်ကတည်းက နိုင်ငံလက်ရွေးစင်ဖြစ်ဖို့ ရည်ရွယ်ခဲ့လား၊ ရည်မှန်းချက်လေးကိုလည်း ပြောပြပေးပါ

ဦး။

အရွေးခံတဲ့အချိန် အိမ်ကလည်း လုပ်မယ်ဆိုရင်ဖြစ်အောင်လုပ်ဆိုပြီး ပြောတယ်။ အဲဒါက  စွဲနေသလိုဖြစ်နေပြီး  စကစားကတည်းက    လက်ရွေးစင်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ရည်ရွယ်ခဲ့ပါတယ်။ အနာဂတ်မှာ    ကိုယ့်ရဲ့ ကစားသမားဘဝအတွက်   ဘာတွေပြင်ဆင်ထားလဲ၊ အနာဂတ်ရည်မှန်းချက်ကို   ဘယ်လိုရည်ရွယ်ထားလဲ ဆိုတာ ကိုလည်း   ပြောပြပေးပါဦး။

အခု   အသက်က   ၂၇   နှစ်ရှိပါပြီ။ ဒီအရွယ်မှာ ကြံ့ခိုင်မှု၊ ဘောလုံးအမြင်တွေနဲ့ နည်းစနစ်ပိုင်းတွေပါ ပိုပြီးလုပ်ဖြစ်တယ်။ ဒီအရွယ်မှာ ကြံ့ခိုင်မှုကိုပိုလုပ်မှ ကစားတဲ့ သက်တမ်းကရှည်မှာလေ။ ပြီးတော့ ပြည်ပကို နောက်တစ်ကြိမ်ထွက် ကစားဖို့လည်း ကြိုးစားနေပါတယ်။   ဘယ်ကိုသွားဖြစ်မလဲ ဆိုတာတော့    ကမ်းလှမ်းတဲ့နိုင်ငံပေါ် မူတည်တာပေါ့။ ကမ်းလှမ်းတယ်ဆိုတာကလည်း ပွဲတွေမှာခြေစွမ်းပြမှလေ။ အဲဒီတော့ ကြိုးစားပြင်ဆင်နေတယ်။  ကစားသမားဘဝက နားရင်တော့ ဖူဆယ်နဲ့ပတ်သက်တဲ့ သင်တန်းသဘောမျိုးလေးတွေလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

ကစားသမားဘဝမှာ နိုင်ငံအသင်းမှာရော  ကလပ်အသင်းမှာပါ အမှတ်တရ အရှိဆုံး အခိုက်အတန့်လေးတွေကိုလည်း မျှဝေပေးခဲ့ပါဦး။

 နိုင်ငံအသင်းနဲ့ဆိုရင် ၂၀၁၆ အာဆီယံဖူဆယ်ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့တယ်။ အုပ်စုတွင်းမှာ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုတို့ပါတယ်။ အင်ဒိုနီးရှားကို နိုင်တယ်၊ မလေးရှားကိုနိုင်တယ်။ အုပ်စုတက်သွားတယ်။ အဲဒီအချိန်မှာ ဟိုဘက်က တက်လာတဲ့ တီမောနဲ့တွေ့တယ်။ နာမည်ကသာ တီမော ကစားသမားတွေက ပေါ်တူဂီသားတွေချည်းပဲ။ အဲဒီပွဲလည်းနိုင်တယ်။ ဒါပေမဲ့တော်တော်လေး ကစားရတာခက်ခဲခဲ့တယ်။ အဲဒီပွဲနိုင်သွားတဲ့ခံစားချက်၊ ဖိုင်နယ်တက်သွားတဲ့ခံစားချက်က လုံးဝကို မေ့လို့မရခဲ့ပါဘူး။ ဖူဆယ်လောက သမိုင်းအတွက်ရော ကြိုးစားခဲ့တာတွေ အတွက်ပါ အရာထင်ခဲ့လို့ တော်တော်ကြီး အမှတ်တရဖြစ်ပါတယ်။ ကလပ်အသင်းနဲ့ကတော့ ၂၀၁၅ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာပါ။ အဲဒီတုန်းက အုပ်စုတွင်း ငါးသင်းကို ပတ်လည်ကစားပြီး အမှတ်အများဆုံး နှစ်သင်းက ဖိုင်နယ်၊ သူတို့အောက်က နှစ်သင်းက တတိယလုရတာပေါ့။   တတိယလုပွဲမှာ သြစတြေးလျကလပ်နဲ့    ကစားတော့ တတိယဆုရခဲ့တယ်။ အဲဒီအချိန်က ကလပ်အသင်းသမိုင်းမှာ နိုင်ငံတကာမှာ ပထမဆုံး  ဆုရခဲ့တဲ့ပွဲဖြစ်ခဲ့လို့  အဲဒီအခိုက်အတန့်ကို တော်တော်အမှတ်တရ ဖြစ်ပါတယ်။

အနာဂတ်မှာ  မြန်မာဖူဆယ်လောက က  ဘယ်လိုမျိုးလဲ။  ကလပ်အသင်းတွေ ဘက်ကရော  ပံ့ပိုးမှုတွေ   ထပ်ပြီးလုပ်ဖို့ လိုဦးမယ်လို့ မြင်မိလား။

အောင်မြင်ချင်ရင်၊ တိုးတက်ချင်ရင်တော့ ပံ့ပိုးဖို့လိုတာပဲလေ။ အောင်မြင်မှ ပံ့ပိုးတာ နဲ့ အောင်မြင်အောင်  ပံ့ပိုးတာက မတူဘူး။ မြန်မာဖူဆယ်လောကကို ဖြစ်စေချင်တာကတော့ မြို့ကြီးတွေမှာပဲ မဟုတ်ဘဲ တခြားမြို့နယ်တွေမှာလည်း   ကလပ်အသင်းတွေ ထောင်မယ်။   အိမ်ကွင်းဆောက်မယ်။  ဒါတွေလုပ်မယ်ဆိုရင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ပံ့ပိုးမှုတွေလုပ်ပေးမှာပါ။ ဒီလိုအသင်းတွေ ပေါ်လာရင် ကစားသမားတွေလည်း အခွင့်အလမ်းများလာပြီလေ။ ကစားသမားတွေ ခြေစွမ်းကောင်းရင် အသင်းတွေက အပြိုင်အဆိုင် လိုချင်တာတွေရှိမယ်။ ဒီလိုမျိုးတော့   မြန်မာဖူဆယ်လောကကို မြင်ချင်ပါတယ်။

မြန်မာဖူဆယ်ပရိသတ်တွေကို ပြောချင်တာတွေရှိရင်လည်း ပြောပေးပါဦး။

အားလုံးပဲ ဒီကာလကြီးမှာ ကျန်းမာရေးဂရုစိုက်ကြပါ။   မုန်တိုင်းပြီးသွားရင်တော့ လေပြည်တွေလာမှာပဲလေ။   ခဏလေး သည်းခံကြပါ။  ကျွန်တော်တို့ ဖူဆယ်ကစားသမားတွေလည်း   ကြိုးစားနေပါတယ်။ ဖူဆယ်အားကစားကိုလည်း  အားပေးပါဦးလို့ ပြောချင်ပါတယ်။  အားလုံးကို ကျေးဇူးတင်ပါတယ်။                      

ကိုရဲ