နေပြည်တော်၊ ဇန်နဝါရီ - ၂၇
ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စုစုပေါင်း ၂ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းနှင့် သာသနာ့နွယ်ဝင်သီလရှင် စာသင်တိုက် စုစုပေါင်း ၂ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်စုစုပေါင်း ၇ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက် စုစုပေါင်း ၇ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များအလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၅ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ်၊ ဘောလခဲမြို့၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တို့၌ တပ်မတော်မှဆေးအဖွဲ့ များက ဆရာတော်သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
၎င်းအပြင် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မဟာဗိဿနိုးကျောင်း၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်ရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်)နှင့် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ ဘိုခါရီရှားဗလီ-သူတော်စင်ဂူဗိမာန်များသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွှန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက အဆိုပါ ဘာသာရေးကျောင်းများမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက စုပေါင်းလှူဒါန်းသည့် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask ၄၀၀၀ ခုနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။