နေပြည်တော်၊ ဇန်နဝါရီ - ၂၇
ဂေါတမမြတ်စွာဘုရား၏ အံ့ဖွယ်ရှစ်ဖြာသာသနာတော်သုံးရပ်ကို တိုးတက်ထွန်းကား ပြန့်ပွားစေရန် ရည်ရွယ်လျက် မင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင်သင်ကြားပို့ချရေးတွင် နှစ်ပေါင်းများစွာတိုင်အောင် စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ သာသနာတော်အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သဖြင့် (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော မွန်ပြည်နယ်၊ သထုံမြို့၊ ဆုဆောင်းပြည့်မြစေတီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ’အား ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ သထုံမြို့၊ မဟာနေမိန္ဒ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဝံသအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းနှင့် အသင်းဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သထုံမြို့၊ မဟာနေမိန္ဒ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဝံသထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး (YMBA)ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌက ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဆုဆောင်းပြည့်မြစေတီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ’အား တိုင်းမှူးနှင့် (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)ဥက္ကဋ္ဌ တို့က ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကြသည်။
၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်အရှင်သူမြတ် များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး သထုံမြို့၊ မဟာနေမိန္ဒ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဝံသထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။