အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် 2021 AFC Cup အုပ်စုအဆင့်ပွဲစဉ်များ ထုတ်ပြန်မှုတွင် မြန်မာနိုင်ငံကိုယ်စားပြု ကလပ်အသင်းများအနက် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက အုပ်စု (ဈ) ၌လည်းကောင်း၊ ဟံသာဝတီယူနိုက်တက် အသင်းက အုပ်စု (ဆ) ၌လည်းကောင်း အသီးသီးကျရောက်နေသည်။
င်္ဗဃ ကလပ်အသင်းအဆင့်ပြိုင်ပွဲ (2021 AFC Cup) အတွက် အုပ်စုအဆင့် ပွဲစဉ်များ မဲနှိုက်ရွေးချယ်ခြင်းကို မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ရှိ အာရှဘောလုံး အဖွဲ့ချုပ်၌ ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်ခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်း က ဖိလစ်ပိုင်ကလပ် ကာယားအက်ဖ်စီ၊ မလေးရှားကလပ် တီရန်ဂန်းနူး၊ စင်ကာပူကလပ် ဂေးလန်းအသင်းတို့နှင့် အုပ်စု (ဈ) ၌ ကျရောက်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် ဗီယက်နမ်ကလပ် ဟနွိုင်းအက်ဖ်စီ၊ အင်ဒိုနီးရှားကလပ် ဘာလီ ယူနိုက်တက်နှင့် ကမ္ဘောဒီးယားကလပ် ဘွန်ကတ်အက်ဖ်စီအသင်းတို့နှင့် အုပ်စု (ဆ) တွင် ပါဝင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
သို့သော် မြန်မာနေရှင်နယ်လိဂ် လက်ရှိ ချန်ပီယံရှမ်းယူနိုက်တက် အသင်းမှာ၂၀၂၁ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသဖြင့် ခြေစစ်ပွဲအဆင့် အောင်မြင်ခဲ့ခြင်း မရှိမှသာလျှင် AFC Cup အုပ်စုအဆင့်ပြိုင်ပွဲ သို့ တိုက်ရိုက်ပါဝင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အကယ်၍ ခြေစစ်ပွဲအဆင့်သို့ တက်လှမ်းနိုင်မည်ဆိုပါက ပြီးခဲ့သည့်မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ တတိယဆုရရှိထား သည့် ဧရာဝတီယူနိုက်တက်အသင်းက ယင်းနေရာ၌ အစားထိုး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
ထိုနည်းတူ ပြီးခဲ့သည့်မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲ ဒုတိယဆုရ ဟံသာဝတီယူနိုက်တက် အသင်းမှာ AFC Cup ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ခြေစစ်ပွဲအဆင့်တွင် လာအိုကလပ် လာအိုတိုယိုတာနှင့် ဘရူနိုင်းကလပ် ကာစူကာအသင်းတို့ပွဲစဉ်မှ အနိုင်ရရှိသည့် အသင်းနှင့် မေ ၁၉ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဟံသာဝတီ ယူနိုက်တက်အသင်း အနိုင်ရမှသာလျှင် အုပ်စု(ဆ)တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် 2021 AFC Cup ပြိုင်ပွဲကို မေ ၂၃ ရက်မှ နိုဝင်ဘာ ၂၆ ရက်အထိ ကျင်းပရန် သတ် မှတ်ထားပြီး COVID-19 ရောဂါအခြေ အနေပေါ်မူတည်၍ ပြိုင်ပွဲကာလ အပြောင်းအလဲ ရှိနိုင်သည်ဟု ထုတ်ပြန် ထားကြောင်း သိရသည်။
ကိုရဲ