ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ရန်ကုန်  ဇန်နဝါရီ  ၂၇

ရန်ကုန်တိုင်းဒေသကြီး  AWPT ဆိပ်ကမ်းတွင် ကြယ်စင်ဝိုင်းကုမ္ပဏီအမည်ဖြင့် ကုန်သေတ္တာ နှစ်လုံးအား ချင်းအစို (Fresh  Ginger) ဟု ကြေညာထားပြီး EXPORT  DECLEARATION လျှောက်ထားမှုအပေါ် မသင်္ကာသဖြင့် အဆိုပါ ကုန်သေတ္တာ နှစ်လုံးအား ဇန်နဝါရီ ၂၃ ရက်က X-ray ဖြတ်၍စစ်ဆေးရာ သစ်များဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်နှင့် အလုံမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ  ၂၅ ရက်ကစစ်ဆေးရာ တရားမဝင်ပိတောက်သစ်ခွဲသား ၃၁၆၂ ချောင်း(၂၂ ဒသမ ၈၁၀၆ တန်)အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။