ဂိုးသမားထွန်းအောင်ကျော်ကို ချင်းလန်းအသင်း ခေါ်ယူ

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်-၁သို့ တန်းတက်ခဲ့သည့် ချင်းလန်းအသင်းသည် ရာသီကြိုပြင်ဆင်မှုအဖြစ် ချင်းယူနိုက်တက် အသင်းဂိုးသမား   ထွန်းအောင်ကျော်ကို  သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။

အသက် ၂၄ နှစ်အရွယ် ထွန်းအောင် ကျော်သည် လိဂ်-၂ ကလပ်  ဟော်ရီဇုန် လူငယ်အသင်း၌ ၂၀၁၄ ခုနှစ် မှ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်  လူငယ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်တွင် စစ်ကိုင်းယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ချင်းယူနိုက်တက်အသင်း သို့  ပြောင်းရွှေ့ကစားခဲ့ကာ  လက်ရှိတွင် အသင်းဖျက်သိမ်းခဲ့သည့်အတွက် အသင်းလက်မဲ့ဖြစ်နေစဉ်    ချင်းလန်း အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ချင်းလန်းအသင်းအနေနဲ့  ဂိုးသမား ထွန်းအောင်ကျော်ကို   သုံးနှစ်စာချုပ်နဲ့ ခေါ်ပြီးပါပြီ။   ဒါ့ပြင်  နောက်ထပ်ကစား သမားသစ်တွေကိုလည်း ခေါ်ယူမှုပြုလုပ်ဖို့  ညှိနှိုင်းနေပါတယ်။ အပြီးသတ်ခေါ်ယူ မှုပြီးတာနဲ့   သတင်းထုတ်ပြန် ပေးပါမယ်။   ဒီနှစ်မှာ  တန်းပြန်တက်ခွင့်ရတဲ့အတွက် အသင်းကို   အကောင်းဆုံးပြင်ဆင်မှုတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေ ကိုလည်း ချင်းလန်းအသင်းကိုအားပေးဖို့  ဖိတ်ခေါ်ပါတယ် ဟု အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနေရှင်နယ်လိဂ် စည်းမျဉ်းစည်း ကမ်းများအရ  ပြီးခဲ့သည့် ဘောလုံးရာသီက   လိဂ်-၂ အမှတ်ပေးဇယား ထိပ်ပိုင်း၌ ရပ်တည်နိုင်ခဲ့သည့် ချင်းလန်းနှင့် မြဝတီ အသင်းတို့သည် ၂၀၂၁ ဘောလုံးရာသီတွင် လိဂ်-၁ သို့ တန်းတက်ခွင့်ရခဲ့ကြောင်း သိရ သည်။

ကိုရဲ