MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့၏ မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲကို ဧပြီ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း One Championship မှ ထုတ်ပြန်သည်။
One Championship သည် ဧပြီလ အတွင်းကျင်းပမည့် MMA ပြိုင်ပွဲများ၏ အဓိကတွဲဆိုင်းများကို ထုတ်ပြန်ရာတွင် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ ပွဲစဉ်ပါဝင်ခဲ့ခြင်းဖြစ်သည်။
One Championship ၏ ထုတ်ပြန်ချက်အရ ဧပြီလအတွင်း MMA ပြိုင်ပွဲ သုံးပွဲကျင်းပမည်ဖြစ်ပြီး ဧပြီ ၇ ရက်တွင် ကျင်းပမည့်ပွဲစဉ်၌ မိုရက်စ်နှင့်ဂျွန်ဆင်တို့၏ ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ၊ အယ်ဗာရက်နှင့် လာပီကပ်စ်တို့၏ လိုက် ဝိတ်တန်းစိန်ခေါ်ပွဲ၊ ဧပြီ ၁၄ ရက်တွင် လီနှင့်နက်ယူဟင်တို့၏ လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ၊ ဧပြီ ၂၁ ရက်တွင် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
အောင်လအန်ဆန်သည် ယင်းပွဲစဉ်၌ ပြိုင်ဘက်ကစားသမားဟောင်း ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် MMA ပြိုင်ပွဲတစ်လျှောက် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ဘစ်ဒက်ရှ်က အောင်လအန်ဆန်ကို အမှတ်ဖြင့် အနိုင်ရခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ၌ ပြန်လည်ယှဉ်ပြိုင်ရာ အောင်လအန်ဆန်က ဘစ်ဒက်ရှ်ကို အမှတ်ဖြင့်အနိုင်ရကာ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ဖြစ်ခဲ့သည်။
အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ သည် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်းက ယှဉ်ပြိုင်ရန်စီစဉ်ခဲ့ဖူးသော်လည်း ဘစ်ဒက်ရှ်၏ ဒဏ်ရာအခြေအနေကြောင့် ယင်းပွဲစဉ်ပျက်ခဲ့ရသည်။
ထို့ပြင် အောင်လအန်ဆန်သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက် တွင် စင်ကာပူနိုင်ငံ၌ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ နယ်သာလန်ဖိုက်တာ ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ခဲ့ပြီး ပထမအချီအတွင်း ရှုံးနိမ့်ခဲ့၍ ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရသည်။
လက်ရှိတွင် ဘစ်ဒက်ရှ်သည် ထိုင်းနိုင်ငံ ဖူးခက်ရှိ Phuket Top Team MMA လေ့ကျင့်ရေးစခန်း၌ လေ့ကျင့်မှုပြုလုပ် နေသည်။ အသက် ၃၆ နှစ်အရွယ် ဘစ်ဒက်ရှ်သည် MMA ပြိုင်ပွဲ ၁၂ ပွဲ ယှဉ်ပြိုင်ထားပြီး ၁၀ ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့် ထားသည်။
အသက် ၃၆ နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲပေါင်း ၃၇ ပွဲယှဉ်ပြိုင်ထားပြီး ၂၆ ပွဲနိုင်၊ ၁၁ ပွဲ ရှုံးနိမ့် ထားကြောင်း သိရသည်။
ကိုရဲ