ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

 

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၂၉
     
ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ဇေယျသုခကျောင်းတိုက်နှင့် ရတနာဂုဏ်ရည်ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဝံသာနုဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မြို့နယ်စုစုပေါင်း ၈ မြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်း၊ သီလရှင်စာသင်တိုက် စုစုပေါင်း ၁၀ ကျောင်းမှ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၄ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ်၊ ဘောလခဲမြို့၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့၌ တပ်မတော်မှဆေးအဖွဲ့များက ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
    
၎င်းအပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရွှေပေးကျေးရွာရှိ ဇေယျသုခ ကျောင်းတိုက်အတွင်း တည်ထားပူဇော်ရန် တည်ဆောက်လျက်ရှိသော အလိုတော်ပြည့်လာဘ မုနိဘုရားကြီးအတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့်  နဝကမ္မအလှူငွေ ၁၀ သိန်းကျပ်ကို တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက အဆိုပါကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသိရီထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။