တာချီလိတ်မြို့နယ်၌ ငွေကျပ် သိန်း ၄ ၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်၌ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ငွေကျပ် သိန်း ၄၈၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းကဖင်းများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ် ကျိုင်းတုံ-တာချီလိတ်ကားလမ်း မယ်ယန်ပူးပေါင်း စစ်ဆေးရေးစခန်းအား  ရှောင်ကွင်းကာ မယ်လိတ်ပါကော်-ဖန်မင်ရွာတောလမ်းအတိုင်း မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အဓိကအသုံးပြုသော ထိန်းချုပ် ဓာတုပစ္စည်းများ ဖြစ်သည့် ကဖင်းများ တရားမဝင်သယ်ဆောင်လာမည့် သတင်းအရ   လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဆိုပါ လမ်းဝန်းကျင်၌ ပိတ်ဆို့ဖြန့်ခွဲစောင့်ဆိုင်းနေစဉ် ဇန်နဝါရီ  ၂၇ ရက် နံနက် ၄ နာရီက မာထယ်(ခ) အလီး ၄၂ နှစ်မောင်းနှင်ပြီး ကျကျိုရှီး ၄၂ နှစ်လိုက်ပါလာသည့်  Vigo အမျိုးအစား မော်တော်ယာဉ်ရောက်ရှိလာသဖြင့် ရပ်တန့်ရှာဖွေနေစဉ် နောက်မှ ဆက်လက်လိုက်ပါလာသည့် Vigo အမျိုးအစား မော်တော်ယာဉ်သုံးစီးမှာ နောက်ပြန်လှည့်  မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်းမော်တော် ယာဉ်များ၏ ဘီးများပေါက်၍ ဆက်လက်မောင်းနှင် မရတော့သဖြင့် အဆိုပါမော်တော်ယာဉ်များပေါ်မှ  ဒါယေ၊ ပေါလို့၊ ကျဘို၊ မယ်နူး (ခ) အားဖျော့တို့ လေးဦး ထွက်ပြေးလွတ်မြောက်သွားသည်။

၎င်းင်းမော်တော်ယာဉ်လေးစီးကို    စစ်ဆေးရှာဖွေရာ ကဖင်း ၆၀၂၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ဖော်ထုတ်ချက်အရ အဆိုပါ ကဖင်းများကို မာထယ်(ခ) အလီးမှ ဦးဆောင်၍ ကျိုင်းလပ်မြို့နယ် မယ်ခေါင်မြစ်ဘေးရှိ ကျကကျေးရွာမှ မိုင်းဆတ်မြို့နယ်  ပူနားကိုကျေးရွာသို့  သယ် ဆောင်လာခြင်းဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံ နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ သယ်ယူကြောင်း စစ်ဆေးသိရှိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍   ဖမ်းဆီးရမိ  မာထယ်(ခ)အလီး နှင့်ကျကျိုရှီးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရဲပြန်ကြား