အမှားများ ကျူးလွန်၍ လီဗာပူးကို ရှုံးခဲ့ရခြင်း ဖြစ်သည်ဟု နည်းပြမော်ရင်ဟိုဖွင့်ဟ ဟယ်ရီကိန်းခြေချင်းဝတ် ဒဏ်ရာရခဲ့၍ ရက်သတ္တပတ် အနည်းငယ်နားရမည်

စပါးအသင်းသည် ဇန်နဝါရီ ၂၈ ရက်ညက ယှဉ်ပြိုင်ကစားသော  ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးကို  ၃ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာ  စပါးနည်းပြ မော်ရင်ဟိုက ခံစစ်ကစားပုံတွင် တစ်ဦးချင်း အမှားသုံးကြိမ် ကျူးလွန်ခဲ့ခြင်းမှ ဂိုးများပေး လိုက်ရသဖြင့် ရှုံးခဲ့ရခြင်း ဖြစ်သည်ဟု ဖွင့်ဟပြောသည်။

ပထမပေးလိုက်ရသောဂိုးတွင်    ပြီးခဲ့သည့် နွေရာသီဈေးကွက်ကခေါ်ယူခဲ့သည့်   ဂျိုးရိုဒွန် နေရာယူမှားယွင်းခဲ့ရာမှ  ဖာမင်နို၏   ဂိုးသွင်းခြင်း ခံလိုက်ရခြင်းဖြစ်ပြီး အဲရစ်ဒီယာနှင့် ဂိုးသမား  ဟူဂိုလိုရစ်တို့သည်လည်း    အန္တရာယ်ရှိသော ဘောလုံးများကို ရှင်းထုတ်နိုင်ခြင်း မရှိခဲ့၍ ဂိုးများပေးခဲ့ရပြီး ရှုံးခဲ့ရသည်ဟု မော်ရင်ဟိုကဆိုသည်။ ဟူဂိုလိုရစ်သည်  လီဗာပူးမှ  အာနို၏  ဒုတိယသွင်းဂိုးတွင် ကောင်းစွာ ကာကွယ်နိုင်ခြင်း မရှိခဲ့ဘဲ မာနေးသွင်းသည့် တတိယဂိုးတွင်လည်း ရွန်ဒွန်၏  အားနည်းချက်နှင့်  အဲရစ်ဒီယာ၏ အမှားကြောင့် ဂိုးများပေးလိုက်ရသည်ဟု ဆိုသည်။

ပွဲအပြီးတွင် မော်ရင်ဟိုက လီဗာပူးလိုအသင်းမျိုးကို ဒီလိုတစ်ဦးချင်းအမှားတွေ များခဲ့မယ်ဆိုရင်တော့  သူတို့တိုက်စစ်ကို ခံနိုင်ဖို့   အင်မတန် ခက်ခဲသွားမှာပဲ။  နောက်ပြန်ဆင်းပြီး ခံစစ်ကစားတိုင်း  အမှားတွေကပါလာတယ်။   အသင်းက ယုံကြည်မှုလည်းရှိပြီး    ကောင်းကောင်းလည်း ကစားခဲ့တယ်။   သူတို့ကို   ကိုယ့်အမှားကနေ ပထမဆုံး အခွင့်အရေး ပေးလိုက်မိရာက ဂိုးစပေးလိုက်ရတယ်။   ပထမပိုင်းမှာပဲ ကျွန်တော်တို့ ဟယ်ရီကိန်းကို ဒဏ်ရာရသွားလို့ ဆုံးရှုံးလိုက်ရ တယ်။ ဒုတိယပိုင်းစပြီးမကြာခင်ပဲ  နောက်ထပ် အမှားကနေ   တစ်ဂိုးထပ်ပေးလိုက်ရပြန်တယ်။

၂ ဂိုး-၁ ဂိုးအနေအထားက တုံ့ပြန်ပုံကောင်းခဲ့တယ် ဆိုပေမယ့်  အမှားကနေ  ဂိုးထပ်ပေးလိုက် ရတော့ ဒီလောက် အမှားများနေရာကနေ  ရလဒ်ကောင်းဖို့ဆိုတာ အရမ်းကိုခက်ခဲသွားတယ်ဟု ပြောသည်။

ထိုပွဲတွင် စပါးအသင်းခေါင်းဆောင်တိုက်စစ်မှူး  ဟယ်ရီကိန်းသည် ဟတ်ဒါဆန်နှင့် သီယာဂို အယ်လ်ကန်တာရာတို့နှင့် ဘောလုံးယှဉ်လုခြင်းမှ  ခြေချင်းဝတ်နှစ်ဖက်စလုံးတွင်  ဒဏ်ရာရရှိ သွားခဲ့ခြင်းကြောင့်  ယခင်ကတည်းက  အဆိုပါ နေရာများတွင် ဒဏ်ရာဟောင်းရှိ၍ ရက်သတ္တပတ် အနည်းငယ် အနားယူရမည် ဖြစ်သည်။

Ref:BBC