ပြည်ပကစားသမား တိုက်စစ်မှူးဆီဇာကို စစ်ကိုင်းယူနိုက်တက်အသင်း ခေါ်ယူရန် ကြိုးပမ်းနေ

စစ်ကိုင်းယူနိုက်တက် အသင်းသည် ယခုနှစ်ဘောလုံးရာသီ အကြိုပြင်ဆင်မှုအဖြစ် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဟောင်းဆီဇာကို  ခေါ်ယူရန်ကြိုးပမ်းနေကြောင်း   အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက်  ၃၄  နှစ်အရွယ် ဘရာဇီးနိုင်ငံသား ဆီဇာသည် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းတွင် နှစ်ကြိမ် လာရောက်ကစားခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တစ်ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင် ဒုတိယအကြိမ် ကစားခဲ့သည်။

ဆီဇာသည် ရန်ကုန်ယူနိုက်တက်အသင်း နှင့်အတူ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံဆု  သုံးကြိမ်ရရှိခဲ့ဖူးပြီး အသင်း အတွက် သွင်းဂိုး ၁၀၀ ကျော်သွင်းယူခဲ့ကာ ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် တို့တွင်  မြန်မာနေရှင်နယ်လိဂ် သုံးရာသီဆက် ဂိုးသွင်းဘုရင်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ရန်ကုန်ယူနိုက်တက်အသင်း  တိုက်စစ်မှူးဟောင်းဆီဇာကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ လက်ရှိတော့ ညှိနှိုင်းနေဆဲဖြစ်ပြီး ဆီဇာနဲ့ညှိနှိုင်းမှု အဆင်မပြေခဲ့ရင်  တခြားပြည်ပ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူပါမယ်။  ဒီနှစ်မှာ  အသင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်ပကစားသမားသုံးဦး ခေါ်ယူဖို့စီစဉ်ထားပါတယ် ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ကိုင်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် အသုံးပြုခဲ့သည့် နိုက်ဂျီးရီးယား ကွင်းလယ်ကစားသမား ဖရိုင်းဒေးနှင့် ကင်မရွန်းနောက်ခံကစားသမား ဆူလီမန်အူတို့ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်    စီစဉ်ထားကြောင်း သိရသည်။

စစ်ကိုင်းယူနိုက်တက် အသင်းသည် ပြီးခဲ့သည့်ရာသီက   စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် အမာခံကစားသမားတချို့ကို သက်တမ်းတိုးခြင်းနှင့် ပြည်တွင်းကစားသမားသစ် ခေါ်ယူခြင်း တို့ကိုလည်း ဖေဖော်ဝါရီလအတွင်း  အပြီးသတ် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ကိုရဲ