ယခုနှစ်အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၂ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို မူလသတ်မှတ်ကာလထက် နောက်ဆုတ်ကျင်းပမည် ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။
မူလက အာရှဘောလုံး အဖွဲ့ချုပ်သည် အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စုပွဲစဉ်များကို မတ် ၁၃ ရက်မှ ၂၁ ရက်အထိနှင့် အာရှ ဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စုပွဲစဉ်များကို ဧပြီ ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော် လက်ရှိတွင် အာရှနိုင်ငံများ၌ COVID-19 ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အတွက် မူလသတ်မှတ်ကာလထက် နောက်ဆုတ် ကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်။
ထို့ကြောင့် ၂၀၂၂ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ် များကို သြဂုတ် ၁၄ ရက်မှ ၂၂ ရက်အထိ၊ ဒုတိယအဆင့် ပွဲစဉ်များကို နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
၂၀၂၂ အာရှဖလား ယူ-၁၇ အမျိုးသမီး ခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များကို စက်တင်ဘာ ၁၈ ရက်မှ ၂၆ ရက်အထိ၊ ဒုတိယအဆင့် ပွဲစဉ်များကို ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲများ၏ ပထမအဆင့် ခြေစစ် ပွဲများအတွက် မြန်မာအသင်းယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့် ရရှိထားသည်။
အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ အမျိုး သမီးပြိုင်ပွဲ ခြေစစ်ပွဲများကို အသင်း ၃၄ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုရှစ်ခုစီခွဲ၍ ကျင်းပမည် ဖြစ်သည်။
အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအုပ်စုပွဲစဉ်များကို သြစတြေးလျ၊ တရုတ်၊ မြန်မာ၊ လာအို၊ တရုတ်(တိုင်ပေ)၊ မွန်ဂိုလီးယား၊ စင်ကာပူ နှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့၌ ကျင်းပမည် ဖြစ်သည်။
အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲများကို သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊ မြန်မာ၊ တာဂျစ်ကစ္စတန် နှင့် ဗီယက်နမ်နိုင်ငံတို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ကိုရဲ