ကချင်ပြည်နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ တရားမဝင်သစ်ခိုးထုတ်မှု စုစုပေါင်း ၁၉ မှုရှိပြီး တရားမဝင်သစ်တန်ချိန်ပေါင်း ၆၆ ဒသမ ၅၂၈၄ တန် ဖမ်းဆီးရမိကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါတရားမဝင်သစ်များကို ၂၀၁၉-၂၀၂၀ ပြည့်နှစ် သစ်ခိုးထုတ်မှုတွင် ဖမ်းဆီးရမိသည့် မြို့များ၌ ဝိုင်းမော်မြို့နယ်တွင် အများဆုံး ဖြစ်သော်လည်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြစ်ကြီးနားမြို့နယ်၌ အများဆုံး ဖမ်းဆီးရမိကြောင်း သိရသည်။
ယင်းနောက် တရားမဝင်ဖမ်းဆီးရရှိသော သစ်များကို မြန်မာ့သစ်လုပ်ငန်းထံ ပြန်လည်လွှဲအပ်ရပြီး မြန်မာ့သစ်လုပ်ငန်းမှ လက်ခံခြင်း မရှိသောသစ်များကို ပြည်နယ်အစိုးရမှ တည်ဆောက်ရေး လုပ်ငန်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည်အသုံးပြုကြောင်း သိရသည်။
ထို့ပြင် မြန်မာ့သစ်လုပ်ငန်းမှ လက်မခံသော သစ်များ၊ ပြည်နယ်အစိုးရမှ ပြန်လည်တည်ဆောက်ဖွံ့ဖြိုးရေးလုပ်ငန်းတွင် အသုံးမပြုသော သစ်တန်ချိန် အရေအတွက်များပါက ခရိုင်အလိုက် တင်ဒါအဖြစ် ဆောင်ရွက်ကြောင်း ကချင်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးထံမှ သိရသည်။
သစ်တန်အမျိုးအစားနဲ့သစ်တန်ပမာဏပေါ် မူတည်ပြီးတော့ ရဲအရေးပိုင်မှုရှိသလို သစ်တောရဲ့ စီမံခန့်ခွဲမှုနဲ့ ဆောင်ရွက်တာလည်းရှိတယ်။ ၁ တန်မကျော်တဲ့သစ်ကိုတော့ သစ်တောဥပဒေအရ စီမံခန့်ခွဲပြီးတော့ ပစ္စည်းသိမ်းတယ်။ ပိုင်ရှင်ကိုဒဏ်ရိုက်တယ်။ ၁ တန်ကျော်တဲ့သစ်တွေကိုတော့ သက်ဆိုင်ရာရဲစခန်းမှ တရားရုံးက အမှုဖွင့်တယ်။ ပိုင်ရှင်မဲ့မိတဲ့သစ်တွေဆိုရင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့ ပိုင်ရှင်ကိုစုံစမ်းတယ်။ ပိုင်ရှင်မတွေ့တော့မှ ပိုင်ရှင်မဲ့နဲ့အမှုကို ပိတ်သိမ်းတယ်။ ဒီသစ်တွေကို မြန်မာ့သစ်လုပ်ငန်းကို လွှဲအပ်ရတယ်။
မြန်မာ့သစ်လုပ်ငန်းက မယူတဲ့သစ်တွေကို ပြည်နယ်အစိုးရက တစ်ကြိမ်ကိုခွဲသားတန်၂၀၀ ထက်မပိုတဲ့ပမာဏနဲ့ ပေးရတယ်ဟုကချင်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောသည်။
ကချင်ပြည်နယ်တွင် အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ သစ်တောဥပဒေ ချိုးဖောက်မှုစုစုပေါင်း ၁၉ မှုတွင် သစ်တောမှ စီမံခန့်ခွဲမှု ၁၈ မှုနှင့် တရားရုံးတွင် တရားစွဲဆိုမှုတစ်မှု စုစုပေါင်းအမှု ၁၉ မှုနှင့် သစ်တန်ချိန် ၆၆ ဒသမ ၅၂၈၄ တန်ဖမ်းဆီးရမိကြောင်း သိရသည်။