နေပြည်တော်၊ ဇန်နဝါရီ - ၃၀
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ပါရဂူများနှင့် ဆေးမှူးဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့များက ပါဝင်ကူညီ တာဝန်ထမ်းဆောင်လျက်ရှိ သည်။
အဆိုပါ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် (၁၂)ကြိမ်မြောက်အဖြစ် သွားရောက်တာဝန် ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူး ဆရာဝန်များ စုစုပေါင်း ၄၀ ဦးနှင့် တာဝန်လဲလှယ် ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။ ထို့နောက် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင် တစ်ဦးက သွားရောက်သည့်ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် တိုင်းမှူးက ဆေးဝန်ထမ်းအဖွဲ့အား စားသောက်ဖွယ်ရာ များပေးအပ်သည်။
လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တာဝန် ထမ်းဆောင်ကြမည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များတွင် မေ့ဆေးပါရဂူ ၃ ဦး၊ အဏုဇီဝပါရဂူ ၁ ဦး၊ ဆေးကုသမှုပါရဂူ ၅ ဦး၊ ခွဲစိတ်ပါရဂူ ၆ ဦး၊ ဆေးမှူးဆရာဝန် ၄ ဦးနှင့် သူနာပြုအရာရှိ ၂၀ ဦး စုစုပေါင်း ၃၉ ဦးတို့ပါဝင်ပြီး ၎င်းတို့သည် အများပြည်သူများ အခက်အခဲကြုံတွေ့ပြီး စိုးရိမ်စိတ်များ မြင့်တက်နေချိန်တွင် ရောဂါဝေဒနာခံစားနေရသော ပြည်သူများကို ကာကွယ်၊ ကုသနိုင်ရန် ကိုယ်တိုင် ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ်မှ COVID-19 ရောဂါ ကုသရေးဌာန (ဖောင်ကြီး)သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ဆေးအဖွဲ့များ သွားရောက် တာဝန်ထမ်းဆောင်မှုအနေဖြင့် ဧပြီ ၁၉ ရက်တွင် ပထမအကြိမ်၊ မေ ၉ ရက်တွင် ဒုတိယအကြိမ်၊ မေ ၃၀ ရက်တွင် တတိယအကြိမ်၊ ဇွန် ၂၀ ရက်တွင် စတုတ္ထအကြိမ်၊ ဇူလိုင် ၁၁ ရက်တွင် ပဉ္စမအကြိမ်၊ သြဂုတ် ၁ ရက်တွင် ဆဌမအကြိမ်၊ သြဂုတ် ၂၂ ရက်တွင် သတ္တမအကြိမ်၊ စက်တင်ဘာ ၁၂ ရက်တွင် အဋ္ဌမအကြိမ်၊ အောက်တိုဘာ ၁၀ ရက်တွင် နဝမအကြိမ်၊ နိုဝင်ဘာ ၁၀ ရက်တွင် ဒသမအကြိမ်၊ ဒီဇင်ဘာ ၅ ရက်တွင် ၁၁ ကြိမ်၊ ဇန်နဝါရီ ၂ ရက်တွင် ၁၂ ကြိမ်သွားရောက် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ယခုအကြိမ် အပါအဝင် စုစုပေါင်း ၁၃ ကြိမ် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။