မန်ယူအသင်းမှ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဂျီဆီလင်ဂတ်သည် ဝက်စ်ဟမ်းအသင်းသို့ ရာသီကုန်အထိ အငှားစာချုပ်ဖြင့် သွားကစား တော့မည်ဖြစ်ကြောင်း နှစ်သင်းစလုံးက ဇန်နဝါရီ ၂၉ ရက်ညတွင် အတည်ပြု ကြေညာခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် ပြည်တွင်းကစားသမားနှစ်ဦး အထိသာ အငှားခေါ်ယူခွင့်ရှိသော စည်းမျဉ်းအရ အငှားခေါ်ယူ ထားသူနှစ်ဦးအနက် ဘန်ရာမာကို အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူခဲ့သဖြင့် ဇန်နဝါရီ ၃၁ ရက် ညသန်းခေါင် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ လင်ဂတ်ကို အငှားခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဝက်စ်ဟမ်းသည် လင်ဂတ်ကို ရာသီကုန်အထိ အငှားခေါ်ယူခဲ့၍ ပေါင်လေးသန်းအထိ အကုန်အကျခံရမည်ဖြစ်ကာ အငှားကြေး ပေါင်တစ်သန်းခွဲ၊ တစ်ပတ်လစာပေါင် တစ်သိန်းနှင့် ရာသီသိမ်းချိန်အသင်း ဥရောပပြိုင်ပွဲဝင်ခွင့်ရပါက အပိုဆုကြေး ပေါင်ငါးသိန်းအထိ ထပ်ပေးရမည် ဖြစ်ကြောင်း သိရသည်။
လင်ဂတ်သည် ယခုရာသီ မန်ယူ၌ ပရီးမီးယားလိဂ်ပွဲတစ်ပွဲမျှ ကစားခွင့်မရဘဲ ပြည်တွင်းဖလားပွဲများ၌ သုံးပွဲသာ ကစားခွင့်ရခဲ့သဖြင့် မန်ယူ ကိုနည်းပြခဲ့ဖူးသည့် မိုယက်စ်ရှိရာ ဝက်စ်ဟမ်းသို့ အငှားသွားကစားရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။
လင်ဂတ်က ကမ်းလှမ်းမှုတွေ အများအပြားရှိခဲ့ပေမယ့် ဝက်စ်ဟမ်းက အသင့်လျော်ဆုံးမို့ ရွေးချယ်လိုက်တာပါ။ နည်းပြမိုယက်စ်က ကျွန်တော့် အရည်အချင်းကိုလည်း ကောင်းကောင်းသိထားသူ ဖြစ်တယ်။ သူ့ကိုလည်း ယုံကြည်လို့ ဝက်စ်ဟမ်းကိုရွေးချယ်လိုက်တာပါဟု ပြောသည်။
မိုယက်စ်ကလည်း လင်ဂတ်က ညာတောင်ပံအခြမ်း ထွက်ကစားသူ ဖြစ်သလို ဘယ်ခြမ်းကိုလည်း ပြောင်းကစားနိုင်တယ်။ အင်္ဂလန်လက်ရွေးစင် အသင်းမှာ ကျောနံပါတ် (၁၀) နေရာမျိုးက ကစားတယ်။ ကျောနံပါတ် (၈) နေရာမျိုးကလည်း ကစားပြနိုင်တယ်။ လိုအပ်ရင် ကျောနံပါတ် (၉) နေရာကတောင် သုံးလို့ရလို့ စွယ်စုံရတဲ့ ကစားသမားကို ရလိုက်တာပါပဲ ဟု ပြောသည်။
မန်ယူနည်းပြ ဆိုးလ်ရှားကလည်း လင်ဂတ်ကို ဝက်စ်ဟမ်းသို့ အငှားကစားသမားဘဝဖြင့် စေလွှတ်ခဲ့ခြင်း ဖြစ်ပြီး နောက်ရာသီတွင် ၎င်းသည် မန်ယူ၌ ပြန်လည်နေရာရနိုင်မည့်သူအဖြစ် မျှော်လင့်ကြောင်းပြောသည်။ ဆိုးလ်ရှားက လင်ဂတ်က ဒီရာသီပွဲကစားခွင့်နည်းပါး လွန်းခဲ့တာက အသင်းက ပုံမှန်ကစားနေတဲ့ ကစားသမားတွေကလည်း ဒဏ်ရာ ကင်းရှင်းပြီး ပွဲတွေ့ကစားမှုက အသားကျနေတဲ့အတွက် နေရာမရဖြစ်ခဲ့ရတာပါ။ သူ့ကို ဝက်စ်ဟမ်းမှာ ခြေစွမ်းကောင်း ရနေစေဖို့ အငှားစေလွှတ်ပေးလိုက်တာဖြစ်ပြီး နောက်ရာသီ မန်ယူနဲ့ပြန်လာမှာပါဟု ပြောသည်။
Ref:Dailymail