ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကစားရမည့် သြစတြေးလျ ဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲကြီး၌ ပွဲနေ့တစ်ရက်တွင် ပရိသတ် ၃၀၀၀၀ အထိ ကြည့်ရှုခွင့်ပြုမည်ဟု သြစတြေးလျ အားကစားဝန်ကြီး မာတင်ပါကူလာက အတည်ပြု ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၁ ရက်အထိကျင်းပရမည့် အဆိုပါ တင်းနစ်ပြိုင်ပွဲ၌ ပထမအစရှစ်ရက်တွင် ပရိသတ် ၃၀၀၀၀ ကို နေ့ပိုင်းနှင့် ညပိုင်း နှစ်ပိုင်းခွဲပြီး အားပေးခွင့်ပြုခြင်းဖြစ်ကာ ကွာတားဖိုင်နယ်ပွဲများ၌ ပရိသတ် ၂၅၀၀၀ သာ ကြည့်ရှုခွင့်ပြုမည်ဟု ထုတ်ပြန်သည်။
မာတင်ပါကူလာက ပြိုင်ပွဲကာလ ၁၄ ရက်အတွင်း မဲလ်ဘုန်းပါ့ခ်မှာ ပရိသတ်ပေါင်း ၃၉၀၀၀၀ အထိ ကြည့်ရှုနိုင်ပါလိမ့်မယ်။ ဒီအရေအတွက်က ပြီးခဲ့တဲ့နှစ် အနည်းငယ်က ပြိုင်ပွဲပရိသတ်နှုန်းရဲ့ ၅၀ ရာခိုင်နှုန်းရှိမှာပါ ဟု ပြောသည်။
မဲလ်ဘုန်းမြို့သည် COVID-19 ရောဂါအခြေအနေကြောင့် အချိန်အကြာဆုံး Quarantine ချသည့်မြို့ဖြစ်ခဲ့ပြီး တင်းနစ်ပွဲမှ COVID-19 ရောဂါ ကူးစက်မှုများ ထပ်တိုးလာမည်ကို ပြည်သူများကစိုးရိမ်နေကြသည်။
ထို့ကြောင့် သြစတြေးလျနိုင်ငံသည် မည်သည့်အကြောင်းဖြင့် နိုင်ငံအတွင်း သို့ဝင်လျှင် Quarantine ၁၄ ရက်ဝင်ရမည်ဟု ထုတ်ပြန်ထားသည့်အတိုင်း ပြိုင်ပွဲနှင့်ပတ်သက်သူအားလုံးကို Hotel Quarantine ဝင်ခိုင်းခဲ့သည်။ ဇန်နဝါရီလဆန်းပိုင်း ကတည်းက သြစတြေးလျသို့ ကစားသမားနှင့် အဖွဲ့ဝင်ပေါင်း ၁၇၀၀ တို့ သီးသန့်လေကြောင်းလိုင်းများဖြင့် ရောက်ရှိလာခဲ့ရာ ကစားသမားများက တစ်ရက်ငါးနာရီသာ ဟိုတယ်ခန်းအပြင်ထွက် လေ့ကျင့်ခွင့်ပြုခဲ့ပြီး အားလုံးမှာ Quarantine ဝင်နေရဆဲဖြစ်ကြောင်း သိရသည်။
Ref:BBC