ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၃၀

ပင်လောင်းမြို့နယ်   ပေါင်းလောင်းမြို့တွင်  ဇန်နဝါရီ ၂၇ ရက် ည ၆ နာရီက ငွေကျပ် ၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ  ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည်    ဇန်နဝါရီ ၂၇ ရက် ည ၆ နာရီက  သတင်းအရ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့  လိန်းလီတံတား၌ ပင်လောင်းဘက်မှ ပေါင်းလောင်းဘက်သို့ အာကာစိုးမိုး(ခ) အာကာ၂၉ နှစ် မောင်းနှင် ပြီး ပြည့်စုံဦး ၂၂ နှစ် လိုက်ပါလာသည့် ISUZU  LIGHT  TRUCK မော်တော် ယာဉ်ကိုရှာဖွေရာ ယာဉ်နောက်ခန်းကြမ်းခင်းအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁၂ သိန်းပြား သိမ်းဆည်း ရမိခဲ့သည်။

ယင်းဆေးပြားများကို တန့်ယန်းမြို့ အမှတ်(၄)ရပ်ကွက်နေ စိုင်းနောင်(ခ) စိုင်းကျော်လင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ သယ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။ ရဲပြန်ကြား